ပါရီ၊ ဇူလိုင် ၁

ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်မှာ ကျင်းပခဲ့တဲ့ ပြင်သစ် လွှတ်တော် ရွေးကောက်ပွဲ ပထမအကျော့မှာ မာရိန်း လီပင်းရဲ့ လက်ယာစွန်း National Rally (RN) ပါတီက သမိုင်းဝင်မဲအရေအတွက်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ နောက်ဆုံးရလဒ်တွေဟာ လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် နောက်တကျော့ ရွေးကောက်ပွဲ မတိုင်ခင် ခက်ခဲကြမ်းတမ်းလာမယ့် နေ့ရက်တွေအပေါ်မှာ မူတည်နေပါလိမ့်မယ်။

RN ပါတီဟာ မဲ ၃၄ ရာခိုင်နှုန်း အနိုင်ရရှိထားကြောင်း မဲရုံ စစ်တမ်းတွေက ဖော်ပြနေတာကြောင့် လက်ရှိသမ္မတ မက်ကရွမ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ရပ် ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့လ အစောပိုင်းမှာ ကျင်းပခဲ့တဲ့ ဥရောပလွှတ်တော် ရွေးကောက်ပွဲမှာ သမ္မတ မက်ကရွမ်ဟာ RN ပါတီကို ရှုံးနိမ့်ခဲ့ပြီးနောက် ကြားဖြတ် ရွေးကောက်ပွဲကျင်းပဖို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

RN ပါတီ အနိုင်ရရှိထားတဲ့ မဲအရေအတွက်ဟာ သမ္မတ မက်ကရွမ်ရဲ့ Together Alliance ပါတီအပါအဝင် လက်ဝဲနဲ့ ဗဟိုဝါဒီ ပြိုင်ဖက်တွေထက် ကောင်းကောင်း အသာရရှိထားပါတယ်။

လက်ဝဲစွန်းနဲ့ ဗဟိုဝါဒီတွေဟာ မဲ ၂၀ ဒဿမ ၅ ရာခိုင်နှုန်းကနေ ၂၃ ရာခိုင်နှုန်းအထိပဲ အနိုင်ရထားပါတယ်။

အလျင်အမြန် တည်ထောင်ခဲ့တဲ့ လက်ဝဲယိမ်း ညွှန့်ပေါင်းအဖွဲ့ The New Popular Front (NFP) ပါတီဟာ မဲ ၂၉ ရာခိုင်နှုန်း အနိုင်ရရှိမှာ ဖြစ်ကြောင်း စစ်တမ်းတွေက ဖော်ပြနေပါတယ်။

ဒါပေမဲ့ လာမယ့် တနင်္ဂနွေနေ့ ရွေးကောက်ပွဲ နောက်တကျော့ပြီးရင်တော့ ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ပြီး ဥရောပကို ဝေဖန်နေတဲ့ RN ပါတီဟာ အီးယူလိုလားတဲ့ သမ္မတ မက်ကရွမ်နဲ့ အတူလက်တွဲပြီး အစိုးရဖွဲ့ နိုင်မလား ဆိုတာက လောလောဆယ်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ပြင်သစ်မှာ လူတော်တော်များများ ဆန့်ကျင်ခဲ့တာ ကြာပြီဖြစ်တဲ့ RN ပါတီဟာ အရင်ကထက် အခုအချိန်မှာ အာဏာရရှိဖို့ ပိုနီးစပ်လာခဲ့ပါတယ်။

ရွှေ့ပြောင်းနေထိုင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုများလာပြီး နေထိုင် စားသောက်စရိတ် မြင့်မားနေတာကြောင့် မဲပေးသူတွေက သမ္မတ မက်ကရွမ်အပေါ် ဒေါသထွက်နေချိန်မှာပဲ အလုပ်ဖြစ်ခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေးနဲ့ ဂျူးလူမျိုး ဆန့်ကျင်ရေးအတွက် လူသိများခဲ့တဲ့ ပါတီရဲ့ ပုံရိပ်ကို လီပင်းက ရှင်းလင်းပစ်ဖို့ ကြိုးပမ်းထားပါတယ်။

RN ပါတီရဲ့ နောက်တကျော့ ရွေးကောက်ပွဲ အနိုင်ရနိုင်ခြေဟာ သူ့ရဲ့ ပြိုင်ဖက်ပါတီတွေကြား နိုင်ငံရေးဆိုင်ရာ သဘောတူညီမှု ပြုလုပ်မှုတွေ အပေါ်မှာ မူတည်နေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.