မိုင်ဒူဂူရီ၊ ဇူလိုင် ၁

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်မှာ အမျိုးသမီး အသေခံ ဗုံးခွဲတိုက်ခိုက်သူတွေလို့ သံသယရှိသူတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးအေဂျင်စီ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

ဘော်နိုပြည်နယ်ဟာ လူထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပြီး သန်းနဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေရဲ့ ၁၅ နှစ်ကြာ အစ္စလာမ်မစ် ဆူပူအုံကြွမှုရဲ့ ဗဟိုချက်မှာ ရှိနေပါတယ်။

စစ်သွေးကြွတွေ အင်အား လျော့သွားအောင် နိုင်ဂျီးရီးယားစစ်တပ်က လုပ်ဆောင်ထားနိုင်ပေမယ့်လည်း စစ်သွေးကြွတွေဟာ အရပ်ဖက်နဲ့ လုံခြုံရေး ပစ်မှတ်တွေကို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်လို့ရနေဆဲ ဖြစ်ပါတယ်။

ဘော်နိုပြည်နယ် အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ အကြီးအကဲ ဘာကင်ဒို ဆိုင်ဒူက အသေခံ ဗုံးခွဲသမားတွေလို့ သံသယရှိသူတွေဟာ ဂျီဝိုဇာမြို့မှာ မင်္ဂလာဆောင်ပွဲ၊ ဈာပနပွဲနဲ့ ဆေးရုံတို့ကို သီးခြားစီ တိုက်ခိုက်ခဲ့ကြပြီး လူအများ သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ပြောကြားထားပါတယ်။

ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် လူ ၁၈ ဦး သေဆုံးကြောင်း အေဂျင်စီအကြီးအကဲ ဆိုင်ဒူက အတည်ပြု ပြောကြားခဲ့ပါတယ်။

ဝမ်းဗိုက်ပေါက်သွားသူတွေ၊ ဦးခေါင်းခွံ အက်ကွဲသွားသူတွေနဲ့ ခြေထောက်ကျိုးသွားသူတွေ အပါအဝင် ဒဏ်ရာရသူ အများအပြား ရှိကြောင်း သူက ဆက်လက် ပြောကြားခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေဟာ ဘယ်သူ့လက်ချက် ဖြစ်ကြောင်း ကြေညာထားတာ မရှိသေးဘူးလို့ အကြီးအကဲ ဆိုင်ဒူက ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဘော်နိုပြည်နယ် ရဲတပ်ဖွဲ့က မှတ်ချက် ပြုထားတာ မရှိသေးပါဘူး။

ဘိုဟာရမ်နဲ့ သူ့ရဲ့ အဖွဲ့ခွဲ ISWAP တို့ဟာ ဘော်နိုပြည်နယ်မှာ လှုပ်ရှားမှု အများဆုံး စစ်သွေးကြွအဖွဲ့တွေ ဖြစ်ပါတယ်။ ဘော်နိုပြည်နယ်ဟာ အိုင်ယာလန်နိုင်ငံရဲ့ အရွယ်အစားလောက်ရှိပြီး ကြီးမားကျယ်ပြန့် ကျေးလက်ဒေသ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.