Russian President Vladimir Putin is welcomed by North Korean leader Kim Jong Un upon his arrival at an airport in Pyongyang, North Korea, in this image released by the Korean Central News Agency June 19, 2024. KCNA via REUTERS

မော်စကို၊ ဇွန် ၁၉

၂၄ နှစ်အတွင်း မြောက်ကိုရီးယားသို့ ပထမဆုံးရောက်ရှိလာတဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က နှစ်နိုင်ငံကုန်သွယ်ရေးနဲ့လုံခြုံရေးရာ ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်မှာဖြစ်ပြီး အမေရိကန်ကို ဆန့်ကျင်ရာမှာ ပြုံးယမ်းကို ကူညီထောက်ပံ့မယ်လို့ ဇွန် ၁၉ ရက်နေ့မှာ ကတိပေး ပြောကြားခဲ့ပါတယ်။

သမ္မတ ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ လက်ဆွဲ နှုတ်ဆက်နေပုံ၊ သမ္မတ ပူတင်ရဲ့ လေယာဉ်ဘေးနားမှာ နှစ်ဦးသား ပြောဆိုနေကြပုံတွေကို ရုရှားမီဒီယာက ဖော်ပြခဲ့ပါတယ်။

သမ္မတ ပူတင်ဟာ ရုရှား အရှေ့ဖက်စွန်းဒေသသို့ သွားရောက်ခဲ့ပြီးနောက် မြောက်ကိုရီးယားသို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ၂၁ ရာစုမှာ နျူကလီးယားလက်နက်စမ်းသပ်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး ရုရှားက ဘယ်လောက် အတိုင်းအတာ အထိ ကူညီပေးမလဲဆိုတာကို အမေရိကန်နဲ့ သူ့ရဲ့ အာရှမဟာမိတ်နိုင်ငံတွေက အကဲခတ်နေကြပါတယ်။

လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ စွဲကိုင်ထားတဲ့ နိုင်ငံအနေနဲ့ ရုရှားဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ သူတို့ရဲ့ ချည်းကပ်ပုံ တစ်ခုလုံးကို ပြန်လည် သုံးသပ်နေပုံရပါတယ်။

သမ္မတ ပူတင်က မြောက်ကိုရီးယားသို့ မလာခင် အမေရိကန်က မြောက်ကိုရီးယားကို စီးပွားရေးအရ ဖိအားပေးပြီး အကြပ်ကိုင် ခြိမ်းခြောက်နေတယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်ဟာ အရင်က ရယူထားတဲ့ သဘောတူညီမှုတွေကို အကောင်အထည်ဖော်ဖို့ ငြင်းဆန်နေပြီး အသစ် အသစ်တွေကို တင်ပြနေသလို လက်မခံနိုင်တဲ့ တောင်းဆိုမှုတွေ ဆက်လက် တိုးမြှင့်ပြုလုပ်နေတယ်လို့ သမ္မတပူတင်က ဆိုပါတယ်။

ကိုရီးယားစစ်ပွဲ မတိုင်ခင် နှစ်နှစ်အလိုမှာကတည်းက ကင်ဂျုံအန်ရဲ့ အဘိုး ကင်အီဆောင် တည်ထောင်ခဲ့တဲ့ မြောက်ကိုရီးယားကို ပထမဆုံး အသိအမှတ်ပြုခဲ့တာက ဆိုဗီယက်ပြည်ထောင်စု ဖြစ်တယ်လို့ ရုရှား မီဒီယာမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား မီဒီယာကလည်း ရုရှားကို ချီးကျူးပြီး ယူကရိန်းစစ်ပွဲမှာ ရုရှားကိုထောက်ခံကြောင်း ဖော်ပြပါတယ်။

ဒီလို နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာတဲ့အတွက် စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး ယူကရိန်းစစ်ပွဲ အတွက် သမ္မတ ပူတင်ဟာ မြောက်ကိုရီးယားက လက်နက် အကူအညီ လာတောင်းတာ ဖြစ်နိုင်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.