ရေဖြူ၊ ဇွန် ၂၀
တနင်္သာရီတိုင်း ရေဖြူမြို့နယ် မျောက်ချောကျေးရွာအနီးပတ်ဝန်းကျင်မှာ ဇွန် ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မျောက်ချောကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့အတွက် ပူးပေါင်းတပ်ဖွဲ့နဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။
အဲဒီတိုက်ပွဲဟာ မနက် ၇ နာရီအချိန်ခန့်က စတင်ဖြစ်ပွားခဲ့ပြီး နေ့လည် ၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်သွားပါတယ်။
အဲဒီတိုက်ပွဲဟာ နေ့လည် ၃ နာရီအချိန်အထိ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ် မသိရသေးဘူးလို့ စစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ကစပြီး တနင်္သာတိုင်း ရေဖြူမြို့နယ်ကနေတဆင့် တပ်အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းလေးကြောင်းခွဲပြီး ထိုးစစ်ဆင်လာတာပါ။
စစ်ကောင်စီတပ် ထိုးစစ်ဆင်လာတဲ့အတွက် ဇွန် ၇ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦးထက်မနည်း သေဆုံးထားတယ်လို့ ဒေါနစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရေဖြူတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရာဖူးရွာသစ်ကျေးရွာက လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး ထိမှန်သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ရင် ရေး-ထားဝယ်လမ်းပိုင်း အသုံးမပြုကြဖို့ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့မှာ အရေးပေါ်သတိပေး ကြေညာချက်ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ