မကွေး၊ ဇွန် ၁၉
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက လမ်းသွားလမ်းလာတွေကို နေ့စဉ် VPN စစ်ဆေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဇွန် ၁၅ ရက်ကစလို့ နေ့စဉ် ရှောင်တခင်စစ်ဆေးနေတာဖြစ်ပြီးတော့ VPN ပါလာတဲ့ ဖုန်းတွေအတွက် ဒဏ်ကြေးကောက်ခံတာမျိုးတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“VPN က သူတို့ အတွက်စားပေါက်ဖွင့်ပေးသလိုဖြစ်သွားတာပေါ့။ ဖမ်းဆီးခံရတာမျိုးတော့မကြားသေးပေမယ့် ငွေတော့ညှစ်တယ်။ သုံးလေးသောင်း လေးငါးသောင်းကစလို့ ရှစ်သိန်းလောက်ထိတောင်းတယ်ပြောတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပွင့်ဖြူမြို့နယ်က စက်မှု ၁ထိပ်၊ ကနီ၊ မဒဲ၊ အင်းကုန်း၊ ကျောင်းကုန်းကြီးနဲ့ မဲဇလီတံတား၊ ရှောက်တော-ပွင့်ဖြူ တံတားတို့မှာ 1111 VPN ကို အဓိကထားပြီး ရှောင်တခင်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက စစ်ဆေးရေးလုပ်ဆောင်ဖို့နဲ့ ဂိတ်တွေမှာ စောင့်ဖို့ ပျူစောထီးတစ်ယောက်ကို တစ်လလျှင် လေးသိန်းဝန်းကျင်နဲ့ လက်နက်တပ်ဆင်ပြီး ငှားရမ်းထားတာပါ။
ငှားရမ်းထားတဲ့ ပျူစောထီးတွေရဲ့ လစာကို ဝါစိုက်ပျိုးရေးတပ်နဲ့ ရွာပျူစောထီးခေါင်းဆောင်တွေက ဖြတ်တောက်မှုကြောင့် တစ်သိန်းခွဲ ဝန်းကျင်သာ ရရှိတဲ့အတွက် ပြည်သူတွေဆီက တောင်းရမ်းရရှိတဲ့ငွေကြေးကို ခွဲယူရတယ်လို့ သိရပါတယ်။
မကွေးတိုင်းက စလင်းမြို့နယ်မှာတော့ ဇွန်လ ပထမပတ်အတွင်းက VPN အသုံးပြုသူ ၇၀ ဝန်းကျင်ကိုဖမ်းဆီးခဲ့ကာ တစ်ဦးလျှင် ၈ သိန်းကနေ ၁၅ သိန်းဝန်းကျင်အထိ ကောက်ခံပြီး လူဦးရေ ၄၀ ကိုပြန်လွှတ်ပေးခဲ့ကာ ကျန် ၃၀ နီးပါးကိုတော့ စစ်မှုထမ်းအတွက်စုဆောင်းသွားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media