ဝါရှင်တန်၊ ဇွန် ၁၉

ခန့်မှန်းခြေ ကန်ဒေါ်လာ သန်း ၃၆၀ တန်ဖိုးရှိ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ထိုင်ဝမ်သို့ ရောင်းချရေးအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောတူ ခွင့်ပြုလိုက်ကြောင်း ပင်တဂွန်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ပြောပါတယ်။

တရုတ်အစိုးရက သူတို့ အပိုင်နယ်မြေ ဖြစ်တယ်လို့ ပြောထားတဲ့ ထိုင်ဝမ်နဲ့ အမေရိကန်တို့ကြား တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်ရေးအတွက် ထိုင်ဝမ်သို့ လက်နက်တွေ ရောင်းချပေးရေး ဥပဒေအရ ချည်နှောင်မှု ရှိနေပါတယ်။

အမေရိကန်က ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုကို တရုတ်က အကြိမ်ကြိမ် ဒေါသတကြီး တုံ့ပြန်လေ့ရှိပါတယ်။

ထိုင်ဝမ်မှာ သမ္မတအသစ် လိုင်ချန်းတီ ကျမ်းသစ္စာ ကျိန်ဆိုချိန် ပြီးခဲ့တဲ့လက ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး စစ်ရေးအရ ဖိအားပေးခဲ့ပါတယ်။

အခု မိမိတို့ရဲ့ လက်နက်ရောင်းချမှုကြောင့် လက်ခံရရှိသူအနေနဲ့ လုံခြုံရေး တိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်သလို နိုင်ငံရေး တည်ငြိမ်မှု၊ စစ်ရေးချိန်ခွင်ချာမျှတမှု၊ ဒေသတွင်း စီးပွားရေး တိုးတက်စေရေး အထောက်အကူ ပြုလိမ့်မယ်လို့ ပင်တဂွန် အေဂျင်စီက ပြောကြားထားပါတယ်။

အမေရိကန်က ရောင်းချပေးမယ့် လက်နက်တွေမှာ ပစ်မှတ်အနီး ဝဲပျံနေရင်း တိုက်ခိုက်ဖို့ အချက်ပေးမှ ထိမှန်နိုင်တဲ့ ဒုံးကျည်အမျိုးအစားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်ရဲ့ လက်နက်ရောင်းချပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ် ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တရုတ်ရဲ့ စိတ်ကောင်း စေတနာရှိမှု လိုအပ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ပြောကြားထားပါတယ်။

တရုတ် စစ်တပ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေ ရပ်တန့်ပြီး ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် ဘေဂျင်းအစိုးရက ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.