ထားဝယ်၊ ဇွန် ၂၀

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ် စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်မှာ အင်အား ၃၀ ဝန်းကျင် တပ်စွဲထားတဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ DGRF တို့က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် ဘုရားမဲစစ်ဆေးဂိတ်ရှိ စစ်ကောင်စီတပ်သား ၂ ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေတာဝန်ခံ ဖိုးချောက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ မကြာခဏ တိုက်ခိုက်မှုကိုခံနေရတာကြောင့် စစ်ဆေးရေးဂိတ်အများစုဟာ အရင်ကထက် လုံခြုံရေးနဲ့ စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နဲ့ ဇွန် ၁၅ ရက်နေ့မှာလည်း မောင်မယ်ရှောင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၁ ဦးသေ ဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Dawei PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.