နယူးဒေလီ၊ ဇွန် ၁၁

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးပါတီက လွှတ်တော်တွင်း အမတ်အများစုနေရာ မရဖြစ်ခဲ့ပြီးနောက် ဇွန် ၁၀ ရက်နေ့မှာပဲ သူ့ရဲ့ ညွှန့်ပေါင်း အစိုးရအဖွဲ့ကို မိတ်ဆက်လိုက်ပါတယ်။

သူ့အစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင် ၇၁ ဦးဟာ ဇွန် ၉ ရက်မှာ မိုဒီက ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် တဆက်တစပ်တည်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

ဝန်ကြီးချုပ် မိုဒီရဲ့ ပါတီကို ထောက်ခံပေးတဲ့အတွက် ညွှန်ပေါင်းအဖွဲ့ဝင် လက်တွဲဖော်တွေဟာ ဝန်ကြီးနေရာ ၁၁ နေရာ ရရှိခဲ့ပြီး အဲဒီအထဲက ၅ နေရာဟာ ဝန်ကြီးများအဖွဲ့ ရဲ့ ထိပ်တန်း ရာထူး ၃၀ မှာ ပါဝင်နေပါတယ်။

ဒါပေမဲ့ မိုဒီရဲ့ BJP ပါတီက ထိပ်တန်းရာထူးနေရာတွေကို အရင်အတိုင်း အပြောင်းအလဲမရှိ ရယူထားတာကြောင့် ကျယ်ပြန့်တဲ့မူဝါဒတွေ ဆက်ရှိနေဦးမယ်လို့ အချက်ပြလိုက်တာပဲ ဖြစ်ပါတယ်။

အဲဒီထဲမှာ BJP ပါတီရဲ့ သစ္စာတော်ခံတွေ ဖြစ်တဲ့ ရာ့ချ်နာ့ဆင်းချ်၊ အမစ် ရှန်း၊ နီတင် ဂတ် ကာရီ ၊နီမာလာ ဆီသာရာမန်၊ အက်စ် ဂျိုင်ရှန်ကာတို့က ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပို့ဆောင်ရေး၊ ဘဏ္ဍာရေးနဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူးတွေကို အရင်အတိုင်း ရရှိထားပါတယ်။

အင်အားကြီးမားတဲ့ BJP ပါတီ ဥက္ကဌ ဂျာဂတ် ပါရာကတ်ချ် နက်ဒါက ကျန်းမာရေးဝန်ကြီး ရာထူးကို ရယူထားပါတယ်။အရပ်ဘက် ပျံသန်းရေးဝန်ကြီး ရာထူးတွေကိုတော့ ညွှန့်ပေါင်းအဖွဲ့ဝင် ခေါင်းဆောင်တွေကို ပေးထားပါတယ်။

အခြား ညွှန့်ပေါင်းအဖွဲ့ဝင်တွေကတော့ သေးငယ်တဲ့ ဝန်ကြီးဌာနတွေမှာ ရာထူး အပ်နှင်းခံထားရပါတယ်။

မိုဒီရဲ့ လက်ယာယိမ်းပါတီ ပြတ်ပြတ်သားသား အနိုင်ရပြီးနောက် ဖွဲ့စည်းခဲ့တဲ့ အရင်အစိုးရနှစ်ရပ်လို မဟုတ်ဘဲ မိုဒီရဲ့ တတိယသက်တမ်းအတွက် တန်းစီဇယားမှာ မွတ်စလင် လွှတ်တော်အမတ်တစ်ယောက်မှ ပါမလာခဲ့ပါဘူး။

မိုဒီဟာ ဇွန် ၁၀ ရက်နေ့မှာ သူ့ရဲ့ ပထမဆုံးဝန်ကြီးများ အဖွဲ့ အစည်းအဝေး ကျင်းပခဲ့ပြီး ဆင်းရဲသားတွေအတွက် နေအိမ်အသစ် သန်း ၃၀ ကူညီပေးရေး အစီအစဉ်တွေကို အတည်ပြုနိုင်ခဲ့ပါတယ်။

မိုဒီ ခန့်ထားလိုက်တဲ့ ဝန်ကြီးရာထူး ၇၁ နေရာထဲက ၇ နေရာမှာ အမျိုးသမီးတွေကို ခန့်ထားပြီး အဲဒီအထဲမှာ ထိပ်တန်းဝန်ကြီး နှစ်နေရာ ပါဝင်နေတာ တွေ့ရပါတယ်။

လွှတ်တော် ဖွင့်လှစ်မယ့်ရက်ကို မသတ်မှတ်ရသေးပေမယ့် လာမယ့် သီတင်းပတ်မှာ ဖွင့်လှစ်ဖို့ရှိပြီး လွှတ်တော်ဥက္ကဌ ရွေးချယ်မယ်လို့ အိန္ဒိယမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.