နယူးဒေလီ၊ ဇွန် ၅

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ အာဏာဆက်လက် ရရှိနိုင်ခြေ ရှိနေပေမယ့် သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ လွှတ်တော်တွင်းက အမတ်နေရာအများစုကို လက်လွှတ်ရနိုင်ပါတယ်။

ဝန်ကြီးချူပ် မိုဒီရဲ့ နိုင်ငံရေးအင်အားစုဟာ အမတ်နေရာ ၂၄၀ နေရာ အနိုင်ရထားပေမယ့် အစိုးရဖွဲ့ရေး အမတ်နေရာ ၃၂ နေရာ လိုအပ်ဦးမှာ ဖြစ်ပါတယ်။

သူက သူ့ပါတီအတွက် မဲထည့်ခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး သူ့ပါတီအနိုင်ရတာက အကျင့်ပျက်ခြစားမှုနဲ့ ဆင်းရဲမွဲတေမှု ပပျောက်အောင်လုပ်ဆောင်ဖို့ ရွေးချယ်တာဖြစ်တယ်လို့ ပြောပါတယ်။

အတိုက်အခံ INDIA အင်အားစုဟာ မျှော်လင့်ထားတာထက် အားကောင်းခဲ့ပြီး အမတ်နေရာ ၂၃၂ နေရာ အနိုင်ရရှိခဲ့ပါတယ်။

INDIA ညွှန့်ပေါင်းအဖွဲ့က သူတို့ရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ နောက်ထပ်ဆောင်ရွက်ရမယ့် ခြေလှှမ်းတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ရေး ဇွန် ၅ ရက်မှာ အစည်းအဝေးကျင်းပမယ်လို့ ပြောပါတယ်။

လူပေါင်း ၁ ဘီလီယံနီးပါးမဲပေးဖို့ မှတ်ပုံတင်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲကို သီတင်းခြောက်ပတ်အတွင်း အဆင့် ၇ ဆင့်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမဲအရေအတွက်အရ ဝန်ကြီးချုပ်မိုဒီအနေနဲ့ ပါတီငယ်လေးတွေနဲ့ ပူးပေါင်းပြီး အစိုးရဖွဲ့နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

မိုဒီရဲ့ ပါတီဟာ လွန်ခဲ့တဲ့ ၅ နှစ်က အမတ်နေရာ ၃၀၃ နေရာအထိ အနိုင်ရခဲ့ရာကနေ ထောက်ခံမှု ကျဆင်းသွားတဲ့ သဘောကို တွေ့ရပြီး လွှတ်တော်တွင်း အမတ်အများစု နေရာရရှိရေး ၃၂ နေရာလိုအပ်နေပါတယ်။

အပြီးသတ် ရွေးကောက်ပွဲရလဒ်ကို မကြေညာခင်ကတည်းက BJP ရုံးချုပ်မှာ ထောက်ခံသူတွေ အောင်ပွဲခံခဲ့ကြပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.