ဝေါ၊ မေ ၃၁

ပဲခူးတိုင်း ဝေါမြို့နယ်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ဒေသခံလူငယ်တွေကို စစ်မှုထမ်းဖို့ဆိုပြီး လိုက်လံဖမ်းဆီးနေတာကြောင့် လူငယ် ၂၀ ထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ မေ ၂၉ ရက်နေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ဝေါမြို့နယ်ရဲ့ ကျေးရွာတွေဖြစ်တဲ့ ကြာလဟာ၊ ရှမ်းစု၊ အေးချမ်း၊ ဘုရားပျို၊ စိုင်တီစုနဲ့ ညောင်ကိုင်းကျေးရွာတို့မှာ ဒေသခံလူငယ်တွေကို လိုက်လံဖမ်းဆီးခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းစာရင်းပါတဲ့ လူငယ်တွေကို တစ်အိမ်တက်ဆင်း အင်အားသုံးဖမ်းဆီးသွားခဲ့ပြီးနောက် ဝေါမြို့ရှိ စစ်ကောင်စီအခြေစိုက်တပ်ရင်းထံ တစ်ခါတည်းခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒေသခံလူငယ်တွေကို ဖမ်းဆီးရာမှာ စစ်ကောင်စီတပ်က အဝတ်နှစ်စုံ၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းယူခိုင်းပြီး တစ်ခါတည်း ခေါ်ဆောင်သွားတယ်လို့ ညောင်ကိုင်းရွာဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် စစ်မှုထမ်းဖို့ စာရင်းပါထားတဲ့ လူငယ်အများစု ထွက် ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၂ အတွက် ဝေါမြို့နယ်က လူငယ် အယောက် ၅၀ စစ်သင်တန်းပေးဖို့ သတ် မှတ်ထားပေမယ့် သတ်မှတ်အရေအတွက် မပြည့်တာကြောင့် အခုလိုလိုက်လံဖမ်းဆီးတာ ဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပြပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ စစ်ကောင်စီဟာ စစ်မှုထမ်း အ ပတ်စဉ် ၂ အတွက် နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၂၀ က လူငယ် ၉၀၀ ကျော်ကို အတင်းအဓမ္မဖမ်း ဆီးပြီး စစ်မှုထမ်းသင်တန်း ပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.