လောင်းလုံး၊ မေ ၃၀
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတစ်ဦးကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF ဘက်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
မေ ၂၉ ရက် ညနေ ၆ နာရီအချိန်ခန့်က လောင်းလုံးမြို့ပေါ်မှာ သွားလာနေတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို နွေဦးပြောက်ကျားတပ်ဖွဲ့ကနေ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်သား တစ်ဦး ဖမ်းဆီးခံရပြီးနောက် လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ်၊ သဲပုံတောင်တပ်စခန်းနဲ့ ခလရ ၁၀၄ တပ်စခန်းကနေ မြို့ပတ်ပတ်လည်နဲ့ နီးစပ်ရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အဆက်မပြတ် ရမ်းသမ်းပစ်ခတ်ပေမယ့် အရပ်သားထိ ခိုက်မှုနဲ့ နေအိမ်ပျက်စီးတာမရှိဘူးလို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
နွေဦးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက စစ်ကောင်စီတပ်သားတစ်ဦးကို ဝင်ရောက်ဖမ်း ဆီးခဲ့ပေမယ့် ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အသေးစိတ်ပြောလို့မရသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မကြာခဏဆိုသလို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဟာ မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်တော့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် မြို့မရဲစခန်းရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media