နယူးယောက်၊ မေ ၂၉

မကွေးတိုင်းမှာ PDF လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ရာဇဝတ်မှုဆိုင်ရာ အမှုဖွင့်နိုင်ရေး အချက်အလက်တွေပေးအပ်ဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ကောင်စီထံ တောင်းဆိုလိုက်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ်နှစ်ဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဖိုးတေနဲ့ အသက် ၂၂ နှစ်အရွယ် သားထောင်တို့ မီးရှို့သတ်ဖြတ်ခံရမှု ဗီဒီယို ဖိုင်တစ်ခုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လူမှုမီဒီယာမှာ လူကြည့်အများဆုံးဖြစ်ခဲ့ပါတယ်။

အဲဒီလူငယ်နှစ်ဦးဟာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ကျေးရွာမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီလိုလားတဲ့ တပ်တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက် သေဆုံးမှုအတွက် တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်ရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ သူတို့နှစ်ယောက်ကို ဖမ်းဆီး၊သတ်ဖြတ်ပုံ အသေးစိတ်ကိုပေးအပ်ရေး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းဖော်ထုတ်ရေးအဖွဲ့ IIMM က စစ်ကောင်စီထံ မေ ၂၇ ရက်နေ့မှာ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေ၊ ပြင်းထန်တဲ့နိုင်ငံတကာ ရာဇဝတ်မှု အထောက်အထားတွေကို စုဆောင်းလေ့လာရေးအတွက် ကုလသမဂ္ဂက IIMM ကို ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။

IIMM အကြီးအကဲ နီကိုလပ်စ် ခွမ်ဂျီယန်က သူတို့အဖွဲ့ကို မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုဖို့နဲ့ တောင်းဆိုထားတဲ့ အချက်အလက်တွေကို ပေးအပ်ပြီး အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ညှင်းပန်း နှိပ်စက်မှုတွေ၊ ခေါင်းဖြတ်သတ်ဖြတ်မှုတွေနဲ့ အလောင်းတွေကို မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေ အများကြီးထွက်ပေါ်ခဲ့ပေမယ့် နိုဝင်ဘာ ၇ ရက်က အဲဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို မြင်တွေ့ရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိတ်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။

အဲဒီဗီဒီယိုထဲမှာ ယောကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ ဆိုတဲ့ လူငယ်နှစ်ယောက်ကို လက်ထိပ်ခတ်ပြီး ဒေသအခေါ် ပျူစောထီးလို့ဆိုတဲ့ လက်နက်ကိုင်အမျိုးသားတွေက မေးမြန်းစစ်ဆေးနေတာ တွေ့ရပါတယ်။

အဲဒီနောက် သူတို့ကိုအနီးအနားရှိ သစ်ပင်တစ်ပင်ဆီ ဆွဲခေါ်သွားပြီး တွဲလောင်းချိတ်ကာ အောက်ကနေ မီးမြှိုက်ပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုရက်ရက်စက်စက် သတ်ဖြတ်မှု ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်၊ စွဲချက်တင် ၊အပြစ်ပေးနိုင်ရေး ကုလသမဂ္ဂ စုံစမ်းဖော်ထုတ်ရေး အဖွဲ့က မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုရေးနဲ့ တောင်းဆိုထားတဲ့ အချက်အလက်တွေ ပေးအပ်ရေး စစ်ကောင်စီထံ စာပို့တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

Ref:RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.