မော်လမြိုင်၊ မေ ၂၈

ပြီးခဲ့တဲ့နှစ်နှစ်ကျော်ကာလအတွင်းလူ ၅ ဦးနဲ့အထက် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေ အပါအဝင် ပဋိပက္ခတိုက်ပွဲဖြစ်စဉ်တွေကြောင့် အရပ်သားပြည်သူ ၄၀၄၂ ဦးအထိ သေဆုံးခဲ့ရတယ်လို့ BNI – Myanmar Peace Monitor အဖွဲ့ရဲ့ မေ ၂၇ ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် မေ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မေ ၁၅ ရက်အထိ ၂ နှစ်ကျော်ကာလအတွင်း တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံးမှာလူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၁၅၄ ခုရှိခဲ့ပြီး အဲဒီဖြစ်စဉ်တွေကြောင့် ပြည်သူပေါင်း ၁၄၄၆ ဦးအထိ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေကို စစ်ကိုင်းတိုင်းမှာ ဖြစ်စဉ် ၄၈ ခုနဲ့အများဆုံးတွေ့ရှိခဲ့ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်စဉ် ၁၆ ခုနဲ့ မန္တလေးတိုင်းမှာဖြစ်စဉ် ၁၄ ခုနဲ့ အသီးသီးရှိခဲ့တာပါ။

BNI – Myanmar Peace Monitor အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ မေ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ လက်ထု တ္ထောရွာဖြစ်စဉ်ကို အလေးပေးဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

အဲဒီလက်ထုတ္ထောရွာဖြစ်စဉ်မှာ အင်အား ၇၀ ခန့်ရှိတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်း ၃ ခုက စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္ထောကျေးရွာထဲကို မဝင်ရောက်ခင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၆ ဦးသေဆုံးခဲ့ပြီး ဆေးရုံကို ပို့ဆောင်စဉ် သေဆုံးခဲ့ရတဲ့ အမျိုးသားတစ်ဦးလည်း ရှိခဲ့ပါတယ်။

ပြီးနောက် ကျေးရွာအတွင်းက ဘုန်းကြီးကျောင်းတွင်း ဖမ်းဆီးသတ်ဖြတ်မှုကြောင့် နောက်ထပ် အမျိုးသား (၂၄) ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရလို့ စုစုပေါင်း အဲဒီဖြစ်စဉ်တစ်ခုတည်းမှာပဲ အရပ်သားပြည်သူ ၃၂ ဦးသေဆုံးခဲ့ ရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

၂ နှစ်အတွင်း အရပ်သားပြည်သူများကို တိုက်ရိုက်ဦးတည် ဖမ်းဆီးသတ်ဖြတ်တဲ့ ဖြစ်စဉ်ပေါင်း (၇၆) ခုရှိခဲ့ပြီး အဲဒီဖြစ်စဉ်တွေရဲ့ (၅၀) ရာခိုင်နှုန်းနီးပါးဟာ အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေဖြစ်တယ်လို့ သိရပါတယ်။ လေကြောင်းက ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် လူသေဆုံးမှုဖြစ်ရတဲ့ဖြစ်စဉ် ၄၂ ခုရှိပြီး အဝေးကနေ လက် နက်ကြီး အမြောက်နဲ့ ပစ်ခတ်မှုကြောင့် လူအများအပြားသေဆုံးမှုဖြစ်စဉ်က ၁၇ ခုရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ အကြား နှစ်ဖက်တိုက်ပွဲတွေအတွင်း အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ပေါင်း (၁၅) ခုအထိ ရှိခဲ့ပြီး အကျဉ်းသားများအစုလိုက် အပြုံလိုက်သတ်ဖြတ်ခံ ရမှုဖြစ်စဉ် (၂) ခုနဲ့ ဗုံးပေါက်ကွဲမှုနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဖြစ်စဉ်တစ်ခုစီ အသီးသီးဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် ဇန်နဝါရီ ၁ ရက်နေကနေ ပြီးခဲ့တဲ့ မေ ၁၅ ရက်အထိ လေးလတာကာလအတွင်းမှာ လူ (၅) ဦးနဲ့ အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၄၉ ခုထဲမှာ လေကြောင်းကနေ တဆင့် ဗုံးကြဲတိုက်ခိုက် မှုကြောင့် လူသေဆုံးမှုများပြားခဲ့ရတဲ့ဖြစ်စဉ်က အများဆုံးဖြစ်တဲ့အကြောင်း BNI – Myanmar Peace Monitor ရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.