မော်လမြိုင်၊ မေ ၂၉

မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ကားလမ်းတံတားတွေ မိုင်းခွဲခံရပြီးနောက် ရန်ကုန်-မော်လမြိုင် ရ ထားလက်မှတ်တွေကို မှောင်ခိုဈေးကွက်မှာ ဈေးနှုန်းနှစ်ဆကျော် ပေးဝယ်နေရတယ်လို့ ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေလဒုတိယအပတ်အတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားနဲ့မစောတံတား မိုင်းခွဲခံရပြီးနောက် ရထားစီးနင်းမှု များပြားလာမှုအပေါ် အခွင့်အကောင်းယူပြီး ရထားလက်မှတ်တွေကို မှောင်ခိုရောင်းချတာတွေ ရှိလာခဲ့တာပါ။

မှောင်ခိုဈေးကွက်မှာ ရန်ကုန်-မော်လမြိုင်ခရီးစဉ်အတွက် အထက်တန်းတစ်စောင်ကို ကျပ် ၂၀,၀၀၀ ၊ ရိုးရိုးတန်းတစ်စောင် ကျပ် ၇၅၀၀ အထိ ပေးဆောင်နေရပြီး ကြားဘူတာ လက်မှတ်ဈေး နှုန်းတွေလည်း နှစ်ဆကျော် မြင့်တက်လာတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ ရထားလက်မှတ် သွားရောက်ဝယ်ယူရမှာ ကုန်သွားပြီးဆိုတဲ့ အကြောင်းပြချက်နဲ့ မီးရထားဝန်ထမ်းတွေက မှောင်ခိုဈေးနှုန်းတွေနဲ့ ရောင်းချပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့မီးရထားက တရားဝင်သတ်မှတ်ထားတဲ့ ရန်ကုန်-မော်လမြိုင်ရထားလက်မှတ်ဈေးနှုန်းမှာ အထက်တန်း ကျပ် ၇၅၀၀ နဲ့ ရိုးရိုးတန်းကျပ် ၃၅၀၀ သာဖြစ်တယ်လို့ သိရပါတယ်။

ရထားလက်မှတ်တွေကို မှောင်ခိုဈေးနဲ့ရောင်းချဖို့အတွက် လက်မှတ်အရောင်းဝန်ထမ်းတွေက ရုံပိုင်တွေနဲ့ပေါင်းကာ ခွဲတမ်းအလိုက် အများပြည်သူတွေကို ပုံမှန်ဈေးနဲ့ အကုန်ရောင်းချပေးတာမျိုးမရှိဘဲ ချန်ထားတတ်ကြတယ်လို့ ခရီးသွားတွေက ပြောပြပါတယ်။

ရထားလက်မှတ်မှောင်ခိုရောင်းချသူတွေဟာ မီးရထားဝန်ထမ်းတွေနဲ့ဘူတာရုံတာဝန်ကျ ရဲဝန်ထမ်းတချို့ ပါဝင်ပြီး ခရီးသွားပြည်သူတွေကိုလည်း မချေမငံဆက်ဆံတာတွ ရှိနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်-မော်လမြိုင် ရထားလက်မှတ်တွေအား မှောင်ခိုရောင်းချမှုတွေ ရှိပေပေမယ့် စစ်ကောင်စီဘက်ကတော့ ဝန်ထမ်းတွေကို တစ်စုံတစ်ရာ အရေးယူဆောင်ရွက်တာ မရှိဘူးလို့ ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.