ဆိုးလ်၊ မေ ၂၈

စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုအသစ်တစ်လုံး လွှတ်တင်ဖို့ ကြိုးပမ်းမှုမှာ အသစ်တီထွင်ထားတဲ့ ဒုံးပျံအင်ဂျင် လေထဲမှာ ပေါက်ကွဲသွားတာကြောင့် မအောင်မြင်ဖြစ်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားက အရင်ကထောက်လှမ်းဂြိုဟ်တုတစ်လုံးကို နိုဝင်ဘာလက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီးနောက် ဒုတိယအကြိမ် လွှတ်တင်ဖို့ ကြိုးပမ်းရာမှာ မေ ၂၇ ရက်နေ့က မအောင်မြင် ဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဂြိုဟ်တု လွှတ်တင်ဖို့ ကြိုးပမ်းခဲ့ပြီး နှစ်ကြိမ်တိုင် မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အစည်းအဝေးလုပ်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း

လွှတ်တင်မှု ပထမဆုံးအဆင့်မှာပဲ ဒုံးပျံအင်ဂျင် လေထဲမှာ ပေါက်ကွဲ သွားခဲ့တာ ဖြစ်ကြောင်း မြောက်ကိုရီးယား အမျိုးသားအာကာသနည်းပညာ စီမံခန့်ခွဲရေးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါတယ်။

ကနဦးလေ့လာမှုတွေအရ အသစ်တီထွင်ထားတဲ့ လောင်စာအရည်သုံး ဒုံးပျံမော်တာကြောင့်ဖြစ်ကြောင်း သိရပေမယ့် အခြားပြဿနာဖြစ်ရတဲ့ အကြောင်းရင်းတွေကို လေ့လာသွားမယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုလွှတ်တင်မှု မအောင်မမြင် ဖြစ်ခဲ့ပုံပေါ်ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်အရာရှိတွေက အစောပိုင်းကတည်းက ပြောဆိုခဲ့ကြပါတယ်။

မြောက်ကိုရီးယားဂြိုဟ်တုကို ဒုံးပျံယာဉ်နဲ့ လွှတ်တင်လိုက်ပြီး ၂ မိနစ် အကြာမှာပဲ အပျက်အစီးတွေ ပင်လယ်ထဲကို ပြုတ်ကျလာတာ တွေ့ရတယ်လို့ ဂျပန်နိုင်ငံက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုကို အမေရိကန်က ပြစ်တင် ရှုတ်ချပြီး ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားဟာ နိုဝင်ဘာလက လွှတ်တင်ခဲ့နိုင်တဲ့ ဂြိုဟ်တုနဲ့ အမေရိကန်ရဲ့ ပစ်မှတ်တွေကို ဓာတ်ပုံရိုက်ထားနိုင်တယ်လို့ ပြောဆိုခဲ့ပေမယ့် အဲဒီဓာတ်ပုံတွေကို ဖော်ပြခဲ့တာတော့ မရှိသေးပါဘူး။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.