ဘီးလင်း ၊ မေ ၂၉

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ မိုင်းခွဲခံရပြီးနောက် ပြိုကျပျက်စီးသွားတဲ့ တံတားနှစ်စင်းဖြစ်တဲ့ ကျုံအိတ်တံတားနဲ့ မစောတံတားကို အချိန်မီပြန်လည်မတည်ဆောက်နိုင်ပါက လမ်းပန်းဆက်သွယ် ရေး ပြတ်တောက်နိုင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျုံအိတ်တံတားနဲ့ မစောတံတားဟာ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမပေါ်မှာ တည်ရှိပြီး မြန်မာပြည်တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွက် ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

အဲဒီတံတားနှစ်စင်းကို ယာယီဖြတ်သန်းနိုင်ဖို့အတွက် တံတားဘေးမှာ မြေနီလမ်းဖောက်လုပ်ထားပေမယ့် မိုးရွာသွန်းပါက ဗွက်ထပြီး သွားလာရခက်ခဲတာ၊ လမ်းချောတာနဲ့ လမ်းမြေကျွံကျတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘီးလင်းဒေသခံတစ်ဦးကတော့ ယာယီလမ်းတွေဟာ မိုးရွာသွန်းပါက ဖြတ်သန်းရခက်ခဲသလို အဲဒီချောင်းတွေဟာဆိုရင် နှစ်စဉ်ရေမြုပ်ပီး ရေစီးကြမ်းတာကြောင့် တံတားအချိန်မီမပြီးပါက ဖြတ် သန်းလို့ရတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“မိုးရွာရင်တော့ လမ်းကဖြတ်ရခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့လမ်းက ဒီလိုပဲမြေသားကြီးပဲ ဖို့ထားတယ်ဆိုတော့ ပျော့တယ်လေ။ မိုးရွာရင်အဲဒီလမ်းက ဆက်သွယ်လို့မရတော့ ပိတ်တယ်လေ။ ရေကတော့ အဲဒီနေရာက အမြဲတမ်းမြုပ်နေတဲ့နေရာပေါ့။ ရေစီးကတော့ ကြမ်းတာပေါ့။ အဲဒီနေရာ အမြဲတမ်းရေစီးကြမ်းတဲ့နေရာ အမြဲတမ်းရေမြုပ်တဲ့နေရာပေါ့၊ တံတားမပြီးရင်တော့ ဖြတ်လို့မရတော့ဘူးပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာလည်း တံတားဘေး မြေနီလမ်းတွေဟာ မိုးရွာသွန်းထားတဲ့အတွက် ဗွက်ထကာ လမ်းချောနေတာကြောင့် ကားသေးတွေကိုသာ ဖြတ်သန်းခွင့်ပြုထားပြီး ကားကြီးတွေကိုတော့ ယာယီဖြတ်သန်းခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

ဘီးလင်းဒေသခံ နောက်တစ်ဦးကလည်း တံတားနှစ်စင်းလုံးကို ဘေလီတံတားထိုးဖို့ လုပ်ဆောင်နေတာ တွေ့မြင်ရသလို ရွာပတ်လမ်းကိုသာ ပေးသုံးတာများတဲ့အတွက် ကားတွေထပ်ပြီး လမ်းပိတ်နေတယ်လို့ ပြောပါတယ်။

“မစောကတော့ အဲဒီကျုံအိတ်ပုံစံမျိုးပဲ ပြန်ဖို့နေတာပေါ့။ လောလာဆယ်တော့ သူလည်း အဲဒီလိုပဲ ဘေလီတင်မှာပဲ။ တံတားနှစ်စင်းက လည်နေတယ်။ ဟိုဘက်နဲ့ဒီဘက်နဲ့ ကျုံအိတ်ကိုတော့ လော လောဆယ် အရင်လုပ်နေတာ နှစ်ဖက်လုံးနှစ်ဆိုင်းလုံး ခွဲလုပ်နေတာ၊ ရွာပတ်လမ်းပဲ ပေးသုံးတာများတယ်။ ကားတွေလုံးလုံးကြီးပိတ်ပြီး နေတာတော့ မရှိဘူး။ ကားကျပ်တဲ့ အခါတွေကျရင်လည်း တစ်ခါတလေကျရင် ကားထပ်ပြီးတော့ အခုလက်ရှိကားပိတ်နေတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် တံတားနှစ်စင်းကို ရှောင်းကွင်းသွားလို့ရတဲ့ ကျေးရွာချင်းဆက်လမ်းတွေဟာ လမ်းကျဉ်း မြောင်းပြီး မိုးရွာသွန်းပါက သွားလာရခက်ခဲတဲ့အတွက် မိုးတွင်းကာလတွေမှာ အခက်အခဲရှိနိုင်တယ်လို့လည်း သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ ကျုံအိတ်တံတားနဲ့ မစောတံတားကို ဖြတ်သန်းသွားလာလို့ရတဲ့ တံတားဘေးမြေနီလမ်းနဲ့ ကျေးရွာချင်းဆက်လမ်းတွေဟာဆိုရင် သွားလာရခက်ခဲတာကြောင့် ဒေသတွင်းမှာ စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ် နေရသလို ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာရတာကအစ အခက်တွေ့နေရတာပါ။

ဘီးလင်းမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ကျုံအိတ်တံတားဟာဆိုရင် ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က မိုင်းထောင်ဖောက်ခွဲခံရပြီးနောက် ကွန်ကရစ်တံတားအပြင် ဘေလီတံ တားပါ လုံးဝပျက်စီးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မစောတံတားကလည်း ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့က မိုင်းခွဲခံရတာကြောင့် တံတားအရှည်ပေ ၁၀၀ ကျော်၊ အကျယ် ၂၄ ပေရှိတဲ့ တံတားတစ်စင်းလုံး ပြိုကျခဲ့ပြီး ခရီးသွားပြည်သူ ၁ ဦး သေ ဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း တချို့ပါ ယာယီပြတ်တောက်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.