မုန်း၊ မေ ၂၈

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၄ လုံးနဲ့ အဆောက်အဦ ၁ လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက မေ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်မှာ ကျောက်ကြီးမြို့နယ် နတ်သံကွင်းတပ်စခန်းမှ ပေါက်ကုန်း ကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အလည်လာတဲ့ အသက် (၆၂) နှစ်အရွယ် ရွှေတဲစုကျေးရွာနေ ဦးကျော်စိုးရဲ့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

မေ ၂၄ ရက်နေ့ကလည်း ဟီဖိုးဒဲကျေးရွာကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လယ်ကွင်းအတွင်း လွှတ်ထားတဲ့ ဒေသခံတွေရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ နွား ၁၃ ကောင် ထိ ခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် မေ ၂၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာလည်း မုန်းမြို့နယ်အတွင်းရှိ မိုးညှင်းဒဲကျေးရွာ၊ ကွီးဒိုခေါ်နဲ့ မောနဲကျေးရွာတွေကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပြီး မိုးညှင်းဒဲကျေးရွာမှ အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် အဆောက်အဦ ၁ လုံး လည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မေ ၂၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ ပိန်းဇလုတ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၄ တပ်ရင်းမှ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် ကြိတ်ကွင်းကျေးရွာမှ စောကူငယ်ရဲ့ နွား ၁ ကောင် ထိမှန်သေဆုံးခဲ့ပါတယ်။

KNU ညောင်လေးပင်ခရိုင်ထဲမှာ နေ့စဉ်နဲ့အမျှ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မကြာခဏဆိုသလို အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာနဲ့ ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ကြင်ခါးကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ဗဟိုက မေ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.