မော်လမြိုင် ၊ မေ ၁၈
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က မြို့နယ်တစ်ချို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မော်လမြိုင်မြို့က အိမ်ခြံမြေဈေးကွက်ဟာ အရောင်းအဝယ်နဲ့ ဌားရမ်းမှုသွက်နေတယ်လို့ အိမ်ခြံမြေအကျိုး ဆောင်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းနဲ့ ဧပြီလအတွင်း မွန်နဲ့ကရင်နယ်စပ် ဂျိုင်းမြစ်ဝှမ်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့ဘက်က တိုက်ပွဲအတွင်း ဒေသခံပြည်သူတွေ သိန်းချီ နေရပ်စွန့်ခွာခဲ့ကြရတာပါ။
အဲဒီထဲက မြဝတီ၊ကြားအင်းဆိပ်ကြီး၊ ကမ်းနီ၊ ကော့ဘိန်း၊ ဓမ္မသ၊ တရနာစတဲ့ ဒေသတွေက ငွေ ကြေးတတ်နိုင်တဲ့ နေရပ်စွန့်ခွာသူတွေဟာ မော်လမြိုင်မြို့ ပေါ်မှာ အိမ်ခြံမြေဝယ်ယူတာတွေနဲ့ အိမ်ဌားရမ်းတာတွေ များလာနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်ဘေးရှောင်ကိစ္စတွေလည်းရှိတယ်။ တချို့ပိုက်ဆံတတ်နိုင်တဲ့သူတွေ၊ နယ်ဘက်က စစ်ရှောင်တွေ မြို့ ပေါ်ရောက်လာတဲ့အခါ (အိမ်နဲ့ခြံ) အရောင်းအဝယ်နည်းနည်း အဖြစ်များတယ်။ အဲဒီဘက်က နည်းနည်း ပိုက်ဆံရှိတဲ့လူတွေက မြေကွက်ဝယ်ရင် ဝယ်ထားမယ်။ တချို့လည်း အိမ်တော့ခဏဌားနေလိုက်မယ်၊ အဆင်ပြေရင် သူတို့ပြန်မယ်ပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီဒေသရှိ ငွေကြေးချမ်းသာတဲ့စီးပွားရေးသမားတွေဟာ အရင်ကတည်းက မော်လမြိင်မြို့နဲ့ အဆက်အသွယ်ရှိတဲ့အတွက် အိမ်ပါတဲ့ခြံတွေကို အပြီးဝယ်ယူကြသလို အိမ်ဌားဈေးကွက်လည်း သွက်နေတယ်လို့ သူကဆက်ပြောပါတယ်။
အိမ်ဌားဈေးကွက်အရ ပုံမှန်နေထိုင်တဲ့ မိသားစုတွေကို တစ်လသုံးသိန်းကနေ ၅ သိန်းအထိဈေးရှိပြီး နှစ်ချုပ်နဲ့ ၆ လချုပ် ဌားရမ်းကြပေမယ့် နေရပ်စွန့်ခွာစစ်ရှောင်တွေကိုတော့ လူမှုရေးအခြေအနေအရ သုံးလနဲ့လည်း ဌားရမ်းပေးနေတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၅၀ ကျော်အထိ ဈေးနှုန်းမြင့်တက်မှုကြောင့် မြေကွက်တစ်ကွက်ဟာ သိန်း ၂၀၀ ကျော်အထိ မြင့်တက်လာနေသလို မြေကွက်ဝယ်ရောင်းအုပ်စုတွေကလည်း အရောင်းအဝယ်လုပ်တာများတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ