ဂန့်ဂေါ၊ မေ ၁၇

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ နှစ်ရွာကို စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းအဖွဲ့တွေ မီးရှို့ဖျက်ဆီးသွားတာကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြောက်ခင်ရန်းကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းအဖွဲ့ဟာ မေ ၁၆ ရက်နေ့က ရွှေဘိုရွာနဲ့ ရေသာရွာတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။

မီးရှို့ဖျက်ဆီးပြီးနောက် အဲဒီကျေးရွာတွေကနေ စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားချိန်မှာ အသတ်ခံထားရတဲ့ အသက် ၈၀ ကျော် အဘိုးအို တစ်ဦးနဲ့ မီးလောင်ကျွမ်းထားတဲ့ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ရဲ့ အလောင်းတွေကိုပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“အသက် ၈၀ အရွယ်အဖိုးကြီးရဲ့ အမျိုးသားအင်္ဂါကိုလည်းထုတ်ယူသွားတယ်။ တော်တော်လူမဆန်တော့တဲ့ကောင်တွေပါပဲ။ ကလေးငယ်တစ်ယောက်ရဲ့ အလောင်းကိုလည်း တွေ့ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အမျိုးသားအင်္ဂါ ထုတ်ယူကာ ဦးခေါင်းကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခံရသူဟာ ရွှေဘိုရွာက အသက် ၈၀ ကျော် အဘိုးအို ဦးသာနွယ် ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နေအိမ်မီးရှို့ဖျက်ဆီးခံရတာကြောင့် ရွှေဘိုရွာက နေအိမ် ၃၀၀ ကျော်၊ ရေသာရွာက နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ နေအိမ် ၆၀၀ ဝန်းကျင်ရှိတဲ့ ရွှေဘိုရွာကို မြောက်ခင်ရန်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေ တတိယအကြိမ် မီးရှို့ဖျက်ဆီးမှုလည်း ဖြစ်ပါတယ်။

မြောက်ခင်ရန်းရွာက စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ ရွှေဘိုရွာဘုန်းကြီးကျောင်းက ဘုန်းကြီး ၇ ပါးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီနေ့ မေ ၁၇ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.