ကော့ကရိတ်၊ ဧပြီ ၂၇

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာထဲကို စစ်ကောင်စီတပ် အင်အားအလုံးအ ရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းရှိရာ ကော့ဘိန်းကျေးရွာထဲကို ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့မှာ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင် စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်း ကျန်ရှိတဲ့ဒေသခံအမျိုး သားတွေကို ဖမ်းဆီးရိုက်နှက်နှိပ်စက်တာ၊ စစ်ရှောင်ဖို့ ကြိုးပမ်းတဲ့ ဒေသခံပြည်သူတွေကိုလည်း အကြောင်းမဲ့ပစ်ခတ်တာတွေ ကျူးလွန်းခဲ့ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် လူဦးရေ တစ်သောင်းကျော်နေထိုင်တဲ့ ကော့ဘိန်းကျေးရွာနေ ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေနဲ့ နီးစပ်ရာကျေးရွာတွေဘက်ကို ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကော့ဘိန်းကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းကြောင့် လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဒေသခံအများစု ကြိုတင်တိမ်းရှောင်ခဲ့ပြီး စစ်ကြောင်းဝင်လာပြီးမှ ကျန်ရှိတဲ့ဒေသခံတွေ ထပ်မံတိမ်းရှောင်လာကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၂၆ရက်နေ့အထိ ကော့ဘိန်းကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းတွေနဲ့ ဒေသခံနေအိမ်တွေမှာ ဆက်လက်တပ်စွဲထားပြီး လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဧပြီ ၂၅ ရက်နေ့ကလည်း ဆိုင်ကယ်နဲ့စစ်ရှောင်ဖို့ ကြိုးပမ်းခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးကို သေနတ်နဲ့အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

ကော့ဘိန်းနယ်ရဲစခန်း လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်ကစပြီး ဂျိုင်းမြစ်ကြောင်းတလျှောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်၊ လူဦးရေ တစ်သိန်းထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Bhante Agga

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.