ဂါဇာ ၊ မတ် ၂

ဂါဇာမှာ အကူအညီပေးတဲ့ စားနပ်ရိက္ခာပစ္စည်းတွေ ရရှိဖို့ ကြိုးပမ်းရာကနေ ပါလက်စတိုင်းသား ၁၀၀ ကျော် သေဆုံးပြီး ၇၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးသံချပ်ကာကားတွေရှိနေချိန် ဂါဇာမြို့အနောက်တောင်ဘက် ကမ်းရိုးတန်းလမ်းမှာ ကုန်တင်ကားတန်းကြီး မောင်းလာချိန် လူအုပ်ကြီးရောက်ရှိလာပြီးနောက်ဖြစ်ပွားခဲ့တာပါ။

သံချပ်ကာကားတွေက သတိပေးပစ်ခတ်တာတွေရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောခဲ့ပြီး အကူအညီပေးရေး ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။

ပါလက်စတိုင်းသားတချို့ကတော့ စစ်သားတွေက သူတို့ကိုတိုက်ရိုက် ပစ်ခတ်ခဲ့တယ်လို့စွပ်စွဲခဲ့ ပေမယ့် သေဆုံးသူအများစုဟာ ကုန်ကားတွေတိုက်လို့သေရတာဖြစ်တယ်လို့ ပါလက်စတိုင်းသား မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

အစ္စရေးရဲ့ ဝေဟင်က ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းမှာ လူရာပေါင်းများစွာဟာ ကုန်ကားတွေ ကို ဝိုင်းထားကြပြီး တချို့ကတော့ ကားတွေပေါ်တွယ်တက်နေတာ မြင်တွေ့ခဲ့ရသလို အွန်လိုင်း ပေါ်တင်ထားတဲ့ ဂရပ်ဖစ်ဗီဒီယိုတွေမှာတော့ သေဆုံးသူတွေကို ကုန်ကားအလွတ်တွေနဲ့ မြည်းတွေ ဆွဲတဲ့ လှည်းတွေပေါ်တင်ထားတယ်လို့ သိရပါတယ်။

ဂါဇာအခြေစိုက် ဟားမာ့စ်ကျန်းမာရေးဝန်ကြီးဌာနကတော့ သေဆုံးသူ ၁၁၂ ဦး၊ဒဏ်ရာရရှိသူ ၇၆၀ ရှိတယ်လို့ ပြောခဲ့ပြီး အစ္စရေးက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

စားနပ်ရိက္ခာရရှိဖို့ ကြိုးပမ်းတဲ့အရပ်သားတွေကို အစ္စရေးတပ်ဘက်က ပစ်ခတ်မှုဟာ တရားမဝင် ဘူးလို့ ပြင်သစ်ကဆိုထားသလို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဒီဖြစ်ရပ်ကြောင့် ဂါဇာ မှာ ယာယီအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းပေးမှုတွေကို ရှုပ်ထွေးသွားစေနိုင်တယ်လို့ အသိပေးထားပါတယ်။

အခုဖြစ်ရပ်ဟာ ဖေဖော်ဝါရီ ၂၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ ဂါဇာအနောက်တောင်ဘက် စွန်းနာဘူလ်ဆီအဝိုင်းမှာ ကုန်ကားအစီး၃၀ပါတဲ့အီဂျစ်အကူအညီပေးရေးပစ္စည်းတွေတင်ထားတဲ့ ယာဉ်တန်းဟာ မြောက်ပိုင်းကို သွားရောက်ဖို့ ကြိုးပမ်းချိန်မှာ အခုလိုဖြစ်ပွားခဲ့တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကတော့ ဒီဖြစ်ရပ်အတွက် အရေးပေါ် တံခါးပိတ်အစည်းအဝေး ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.