ဖာပွန်၊ ဖေဖော်ဝါရီ ၂၇

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်အုပ်ချုပ်နယ်မြေမှာ နှစ်ပေါင်း ၃၀ နီးပါး လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီ မော်ဖူးဗျူဟာတပ်စခန်းတစ်ခုလုံး စွန့်ခွာထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ ၅ နဲ့ FFD ဒရုန်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီ ခမရ ၃၄၉ တပ်ရဲ့ ဗျူဟာစခန်းဖြစ်တဲ့ မော်ဖူးတပ်စခန်းဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ စခန်းစွန့်ခွာထားရစ်ခဲ့ပြီး ဖာပွန်ခရိုင် လူသောမြို့နယ် ဖလပ်ခိုကျေးရွာ အုပ်စုအတွင်းရှိ ကူခိုတပ်စခန်းထံ ဆုတ်ခွာသွားတာပါ။

စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ မော်ဖူးစခန်းဟာ KNU နယ်မှာ ၂၇ နှစ်ကြာ လာရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဗျူဟာစခန်းတစ်ခုဖြစ်တယ်လို့ KNU တပ်မဟာ ၅ က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တို့က စစ်ကောင်စီ လယ်ကလေကျိုးစခန်းနဲ့ ကျူလူစခန်း ၂ ခု စွန့်ခွာထွက်ပြေးပြီး မော်ဖူးဗျူဟာစခန်းဘက်ကို ပြန်လည်ဆုတ်ခွာလာခဲ့ရာ လဝက်အကြာမှာပဲ မော်ဖူးဗျူဟာစခန်းကနေ ကူခိုတပ်စခန်းဘက်ကို ထပ်မံဆုတ်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ စစ်ရေးဦးဆောင်မှုနဲ့ စစ်ကောင်စီရဲ့ မော်ဖူးစခန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်ကာ FFD ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးသီးအလုံးပေါင်း ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး KNLA တပ်ဖွဲ့ဘက်ကလည်း စနိုက်ပါနဲ့ ဖိအားပေးတိုက်ခိုက်ခဲ့တယ်လို့ Force for Federal Democracy-FFD က ထုတ်ပြန်ထားပါတယ်။

မော်ဖူစခန်းကို စစ်ရေးဖိအားပေးပြီး ၁ ပတ်အကြာမှာပဲ အင်အား ၄၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းမှာ ဆက်လက်မနေရဲတော့ဘဲ ဆုတ်ခွာသွားတဲ့အတွက် ဝင်ရောက်နယ်မြေရှင်း လင်းခဲ့ရာ ၆၀ မမ ဗုံးသီး အလုံး ၆၀ နဲ့ ရှေ့ထွက်မိုင်း ၃ လုံးကို သိမ်းယူရခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက မြေပြင်ရိက္ခာပို့လမ်းကြောင်းနဲ့ သောက်သုံးရေရရှိမှုကို လအတန်အကြာ ဖြတ်တောက်ထားပိတ်ဆို့မှု၊ စခန်းကို နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ ခုနှစ်ထဲမှာ စစ်ကောင်စီစခန်း ၃ ခုထက်မနည်း စခန်းစွန့်ခွာထွက်ပြေးထားတာပါ။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးရဲ့ ပြောကြားချက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြေပြင်စစ်ကြောင်းထိုးတာတွေ မလုပ်ဆောင်နိုင်တော့သလို စခန်းထဲကနေ အပြင်ကို မထွက်ရဲတော့ဘဲ ခံစစ်အနေအထားကို ရောက်ရှိသွားပြီလို့ သိရပါတယ်။

ကရင်အဖွဲ့အစည်းတွေအရ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း KNU နယ်မြေအတွင်း တိုက်ခိုက်သိမ်းပိုက်ခံရတာနဲ့ စွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်စခန်း ၇၀ ထက်မနည်းရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-FFD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.