ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လာမယ့်သီတင်းပတ်အတွင်း ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ပါလက်စတိုင်းနယ်မြေမှာ လူသားချင်းစာနာထောက်ထားရေး အခြေအနေဆိုးရွားနေချိန် အီဂျစ်၊ ကာတာ၊အမေရိကန်၊ပြင်သစ်နဲ့ တခြားနိုင်ငံတွေက အစ္စရေးနဲ့ ဟားမာ့စ်အဖွဲ့ကြား ကြားဝင် ဖြေရှင်းဖို့ ကြိုးပမ်းနေပြီး တိုက်ခိုက်မှုတွေရပ်တန့်ရေးနဲ့ ဓားစာခံတွေပြန်လည်လွတ်မြောက်ရေး လုပ်ဆောင်နေကြတာပါ။
ဒီသဘောတူညီမှုမှာတော့ အစ္စရေးက သူတို့ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးရမှာဖြစ်သလို ဟားမာ့စ်ကလည်း သူတို့လက်ထဲမှာရှိနေတဲ့ ဓားစာခံ တွေကို ပြန်လွှတ်ပေးရမှာပါ။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ လာမယ့် တနင်္လာနေ့မှာ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုရမယ်လို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီလားဆိုတဲ့ မေးခွန်းကိုလည်း ဘိုင်ဒန်က ကျွန်တော်တို့ရဲ့ လုံခြုံရေးအကြံပေးအရာရှိက သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီလို့ ပြောပါတယ်။ ဒါပေမယ့် မပြီးမြောက်သေးဘူးလို့လည်း ဖြေကြားခဲ့ပါတယ်။
ဂါဇာကိုအုပ်ချုပ်နေတဲ့ ဟားမာ့စ်အဖွဲ့မပါဝင်ဘဲ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရက်ပိုင်းက ပါရီမှာ တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီမှုရရှိမယ့်သတင်းတွေထွက်ပေါ်နေတာပါ။
ပါရီဆွေးနွေးမှုအပြီးမှာ အီဂျစ်၊ကာတာနဲ့ အမေရိကန်တို့ဟာ ဒိုဟာမြို့မှာထပ်မံဆွေးနွေးခဲ့ကြပြီး အဲဒီဆွေးနွေးပွဲမှာတော့ ဟားမာ့စ်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့တယ်လို့ အီဂျစ် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
အစ္စရေးကတော့ ဂါဇာကနေပြန်လည်ဆုတ်ခွာဖို့ တင်ပြဆွေးနွေးထားတာမရှိဘူးလို့ သိရပါတယ်။
Ref: AFP