သံဖြူဇရပ်၊ ဖေဖော်ဝါရီ ၂

နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနဲ့ ထင်းရှူးကျေးရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၃၁ ရက်နေ့က အနင်းနဲ့ထင်းရှူးကျေးရွာရှိ ရဲစခန်းနှစ်ခုကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက် ပွဲ အချိန် ၅ နာရီကျော်ကြာ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲပြီးနောက် ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်က‌နေ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျောင်းရွာ၊ အနင်းကျေးရွာတံတားနဲ့ရွာသစ်ကျေးရွာတွေမှာ ဖြန့်ကျက်တပ်စွဲထားတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။

စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်တာတွေရှိနေပြီး အများစုဟာ နေအိမ်အတွင်း ပုန်းခိုနေထိုင်ပြီး အခြေအနေစောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို တိုက်ပွဲအတွင်း အနင်းကျေးရွာဒေသခံ အရပ်သားပြည်သူနှစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တာပါ။

တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးတာတွေရှိပေမယ့် အရေအတွက်အတိအကျ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ရဲစခန်းနှစ်ခု စီးနင်းတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၂၇ ၊ ရေးဘီလူးတပ်ဖွဲ့၊ တောင်ညိုစစ်ကြောင်း၊ ပဒဲကောအဖွဲ့ လေးဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.