ပုလော၊ ဇန်နဝါရီ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာမှာ ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်းက စလို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကနေ လေကြောင်းအသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မီးလောင်ချောင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ မီးလောင်ချောင်းစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ယာယီသိမ်းဆည်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ စစ်ဆင်ရေးမှာပါဝင်တဲ့ PDF ရဲဘော်တွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့သလို ဒဏ်ရာရတာနဲ့ ထွက်ပြေးသွားတဲ့ သူတွေလည်း အများအပြား ရှိနေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် ၃ ဦးကျဆုံးထားတယ်လို့ သိရပါတယ်။
မီးလောင်ချောင်းတိုက်ပွဲကြောင့် မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းပိုင်းမှာ ဇန်နဝါရီ (၃၀) နေ့လည်ပိုင်းအချိန်ထိ ခရီးသွားကား ရာနဲ့ချီ ပိတ်မိနေပြီး ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အလားတူ ဒီနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာလည်း တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်ထန်းနေပြီး အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ တာတွေ ရှိနေတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းထဲမှာ အခုလကစပြီး စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတို့ကြား တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း ထားဝယ်မြို့နယ် အခြေစိုက် စစ်ကောင်စီ ကျောက်ထုတပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ