ဒူဘိုင်း၊ ဇန်နဝါရီ ၁၄
ပင်လယ်နီကိုဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေလုပ်နေတဲ့ ဟူသီသူပုန်တွေကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ကို ယီမင်ခေါင်းဆောင်တွေက ပြစ်တင် ရှုတ်ချထားသလို ယီမင်နိုင်ငံသားတွေကလည်း ဆန္ဒပြနေကြပါတယ်။
အမေရိကန်နဲ့ဗြိတိန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစ္စရေး-ဟားမတ်စ်စစ်ပွဲဖြစ်နေ တဲ့ ဒေသတစ်ခုလုံးကို စစ်ပွဲကျယ်ပြန့်လာစေတဲ့ အန္တရာယ်ရှိနေတဲ့အတွက် ဆန္ဒပြနေကြတာလို့ ဆိုပါတယ်။
ဟူသီအဖွဲ့ရဲ့ ထိပ်တန်းနိုင်ငံရေးကောင်စီအဖွဲ့ဝင် မိုဟာမက်အလီအယ်လဟိုသီက အမေရိကန်ဟာ နတ်ဆိုးနိုင်ငံဖြစ်ပြီး ယီမင်နိုင်ငံကို တိုက်ခိုက်တာဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ဟားမတ်စ်အဖွဲ့က အစ္စရေးကိုဝင်ရောက်တိုက်ခိုက်ပြီးနောက် အစ္စရေးက ဂါဇာကို ဝေဟင်မြေ ပြင် ထိုးစစ်ဆင်နေချိန်မှာ အီရန်မဟာမိတ်ဟူသီအဖွဲ့က ပင်လယ်နီကို ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေသလို အစ္စရေးကိုလည်း တိုက်ခိုက်နေတာပါ။
ယီမင်နိုင်ငံရဲ့ ဒေသအများစုကိုထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့ဟာ နိုင်ငံတကာသင်္ဘောတွေအနေနဲ့ အစ္စရေးဆိပ်ကမ်းတွေကို အသုံးမပြုဖို့ သတိပေးထားသလို အစ္စရေးကို ဦးတည်သွားတဲ့ သင်္ဘော အားလုံးကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ခြိမ်းခြောက်ထားပြီး အစ္စရေးရဲ့ထိုးစစ်မရပ်သရွေ့ တိုက်ခိုက်မှုတွေ ရပ်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။
ဒါ့အပြင် အမေရိကန် ကမ်းရိုးတန်းတွေ၊ကျွန်းတွေကို တိုက်ခိုက်နေတာမဟုတ်တဲ့အတွက် အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ဟူသီအဖွဲ့နိုင်ငံရေး ကောင်စီဝင်က ဆိုပါတယ်။
အီရန်မဟာမိတ် အီရတ်လက်နက်ကိုင်အဖွဲ့ ဟာရာကက် အယ်လနူဂျာဘာ အဖွဲ့ကလည်း အမေရိကန်ရဲ့ အကျိုးစီးပွားတွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေဟာ လက်ရှိအချိန်ကစပြီး အန္တရာယ်ကင်းတော့မှာမဟုတ်ဘူးလို့ ခြိမ်းခြောက်ထားပါတယ်။
အမေရိကန်ကတော့ ဟူသီအဖွဲ့ကို သူတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ထိရောက်မှုရှိတယ် လို့ဆိုထားပြီး တူရကီသမ္မတ အာဒိုဂန်က ဗြိတိန်နဲ့အမေရိကန်ဟာ ပင်လယ်နီကို သွေးပင်လယ် အဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းနေတာလို့ စွပ်စွဲထားပါတယ်။
Ref:Yahoo news