ဂျီနီဗာ၊ ဇန်နဝါရီ ၁၂
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်း ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီ ၁၀ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ကုန်ထုတ်လုပ်မှု လျှော့နည်းနေတာ၊ မညီမျှမှုတွေ ပိုမိုဆိုးရွားလာတာနဲ့ ငွေကြေးဖောင်းပွမှုကြောင့် ဝင်ငွေထိခိုက်တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စိုးရိမ်နေတာပါ။
ကိုဗစ်ရောဂါကနေ ကမ္ဘာ့စီးပွားရေး နလံထမှုနှေးကွေးသွားပြီး ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေနဲ့ ဗဟိုဘဏ်တွေရဲ့ ပြင်းထန်တဲ့ လုပ်ရပ်တွေကြောင့် ငွေကြေးဖောင်းပွမှု ကြာရှည် နေတယ်လို့ ကုလသမဂ္ဂ အလုပ်သမား အေဂျင်စီ ILO က ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်က ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုဟာ မျှော်လင့်ထားတာထက် အနည်းငယ် ပိုမို မြင့်မားခဲ့ပြီး အလုပ်သမားဈေးကွက်တွေလည်း မထင်မှတ်ဘဲ ပြန်လည်အားကောင်းလာခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် လုပ်ခလစာ တိုးမြှင့်ပေးတာတွေက ငွေကြေးဖောင်းပွမှု အရှိန်အဟုန်ကို လိုက်မမီတာကြောင့် G-20 နိုင်ငံအများစုမှာ အမှန်တကယ် လုပ်ခလစာ လျှော့နည်းခဲ့တယ်လို့ ILO က ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်း နောက်ထပ်အလုပ်အကိုင်ရှာဖွေသူ ၂ သန်းပိုလာမှာဖြစ်ပြီး အလုပ်လက်မဲ့ ဖြစ်မှုနှုန်းဟာ ၅ ဒသမ ၂ ရာခိုင်နှုန်းအထိရှိလာမယ်လို့ ILO က ခန့်မှန်းထားပါတယ်။
သုံးစွဲနိုင်တဲ့ ဝင်ငွေ ပမာဏလည်း လျှော့နည်းခဲ့ပြီး ငွေကြေးဖောင်းပွမှုကြောင့် နေထိုင်စားသောက်မှုဆိုင်ရာ စံနှုန်းတွေ ထိခိုက်ခဲ့ရပေမယ့် မြန်မြန်ဆန်ဆန် ပြန်ကောင်းလာဖို့တော့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။
အလုပ်သမားဈေးကွက် ဟန်ချက်မညီဖြစ်မှုဟာလည်း ပိုဆိုလာနေပြီး ကမ္ဘာမှာ ပြဿနာတွေ ပိုမိုများပြားလာတာကြောင့် လူမှုရေးဆိုင်ရာ တရားမျှတရေး အားထုတ်ကြိုးပမ်းမှုတွေ ထိခိုက်နေရတာဖြစ်တယ်လို့ ILO က အသိပေးထားပါတယ်။
လက်ရှိမှာတော့ တရုတ်၊ရုရှားနဲ့ မက္ကဆီကိုတို့မှာပဲ ၂၀၂၃ ခုနှစ်အတွင်း လုပ်ခလစာ ကောင်းမွန်ခဲ့ တယ်လို့ ILO က ဆိုထားသလို လူမှုရေးဆိုင်ရာ တရားမျှတမှု ပိုအားကောင်းမလားဘဲနဲ့ ရေရှည်နလံပြန်ထူနိုင်အောင် လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။
၂၀၂၂ ခုနှစ်က ကမ္ဘာတဝှမ်း အလုပ်လက်မဲ့ဖြစ်မှုနှုန်းဟာ ၅ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ကာ ပြီးခဲ့တဲ့နှစ်က အနည်းငယ် တိုးတက်လာခဲ့ပြီး ၅ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။
Ref: CNA