မော်လမြိုင် – ဇန်နဝါရီ ၁၁
အမျိုးသားညီညွတ်ရေးအစိုးရက ၈၆ ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ကရင်နှစ်သစ်ကူးနေ့ အခါသမယမှစပြီး တစ်နိုင်ငံလုံးမှ တော်လှန်ရေး အင်အားစုတွေနဲ့အတူ စစ်အုပ်စုပြိုလဲတဲ့အထိ လက်တွဲညီညီတိုက်ထုတ်ကာ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ထူထောင်ပြီး ကရင်တိုင်းရင်းသား တို့ရဲ့ လူမျိုးဂုဏ်၊ဇာတိဂုဏ်ကို မြှင့်တင်နိုင်ကြပါစေလို့ ဆိုထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းယူဖို့ ကြိမ်းပမ်းမှုနောက် ပိုင်းမှာ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးရဲ့ မူလဘူတအခြေခံအခွင့်အရေးတွေ ပျက်သုန်းကာ တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ဓလေ့ထုံးတမ်းတွေ၊ရိုးရာယဉ်ကျေးမှု အမွေအနှစ် တွေကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်တဲ့ အခွင့်အလမ်းတွေကိုလည်း စစ်အုပ်စုက အကြောင်း အမျိုးမျိုးပြကာ တားဆီးပိတ်ပင်ခဲ့ကြတာကို စိတ်မကောင်းဖွယ်ရာ တွေ့ကြုံခံစားခဲ့ကြရတယ် လို့ NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံနေရာအနှံ့အပြားမှ တိုင်းရင်းသား မဟာမိတ် တော်လှန်ရေး အင်အားစုတွေက စစ်အုပ်စုကို အပြင်းအထန် ဖိနှိပ်တိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စုအတွင်း စိတ်ဓာတ်နဲ့ အင်အားယိုစီးမှုတွေ ဖြစ်ပေါ်လာပြီး တော်လှန်ရေးအင်အားစု တွေဘက်မှ အောင်ပွဲအလီလီရယူသိမ်းပိုက်နိုင်ခဲ့တာကို တွေ့မြင်လာကြပြီဖြစ်တယ်လို့ အသိပေး ထားပါတယ်။
ကရင်နှစ်သစ်ကူးနေ့ အခါသမယမှာ ပြည်ထောင်စုဖွားကရင်တိုင်းရင်းသား လူမျိုးအားလုံး မင်္ဂလားအပေါင်းနဲ့ ပြည့်စုံပြီး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ကရင်ပြည်နယ် ကို အစပြုထူထောင်နိုင်တဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့လည်း ဆုတောင်းပေးထားပါတယ်။
နှစ်သစ်ကူးအခါသမယမှာ ရိုးရာယဉ်ကျေးမှုတွေကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းတဲ့ ပွဲလမ်း သဘင်တွေကို ပြည်တွင်းနဲ့ ကရင်တိုင်းရင်းသားတွေ စုပေါင်းရောက်ရှိနေထိုင်ရာ ပြည်ပနိုင်ငံ အသီးသီးမှာ နှစ်စဉ်ဂုဏ်ယူစွာ ကျင်းပပြုလုပ်နေတာဖြစ်တယ်လို့ NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြ ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG