လောင်းလုံး၊ ဒီဇင်ဘာ ၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကဗွီးနှစ်ပင်ကျေးရွာထဲကို နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာပြီးနောက် ဒေသခံတွေထံက ခြိမ်းခြောက်ငွေကြေးတောင်းယူသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီနေ့မနက် ၆ နာရီလောက်ကစပြီး တပ်အင်အား ၇၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မောင်းမကန်ရဲစခန်းကနေ ကဗွီးနှစ်ပင်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် အရပ်သားပြည်သူတွေ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီစစ်ကြောင်းဟာ ကျေးရွာအတွင်းဝင်မွှေစဉ် ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးပြီး လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးငွေကြေးတောင်းခံတာ၊ အရက်ရောင်းတဲ့ဆိုင်တွေကိုလည်း ငွေကျပ်သိန်း ၃၀ ထက်မနည်း တောင်းခံသွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒါ့အပြင် ပြည်သူပိုင်ဆိုင်ကယ် ၅ စီးကိုလည်း ကားတွေနဲ့တင်ဆောင်ပြီး ယူဆောင်သွားသလို နေအိမ်တွေကို ဝင်မွှေချိန်မှာလည်း နေအိမ်တွေထဲက ရွှေငွေတွေပျောက်ဆုံးတာရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိခဲ့ပေမယ့် စစ်ကြောင်းပြန်ထွက်သွားပြီးနောက် ကျေးရွာထဲပြန်လာနေထိုင်ကြပြီလို့ သိရပါတယ်။

လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ဒေသခံနေအိမ်တွေကို ဝင်ရောက်မွှေနှောက်တာ၊ တန်ဖိုးရှိပစ္စည်းတွေနဲ့ မွေးမြူထားတဲ့ တိရိစ္ဆာန်တွေကိုလည်း အတင်းအဓမ္မယူဆောင်တာတွေ ကျုလွန်းထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ သပြေရှောင်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူပိုင် ဆိုင်ကယ်အစီး ၂၀ ကျော်နဲ့တဲ ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.