နယ်သာလန်၊ ဒီဇင်ဘာ ၂
အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တို့ရဲ့ အံ့အားသင့်ဖွယ် တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ကျန်ရစ်သူ မိသားစုဝင်တွေရဲ့ တောင်းဆိုချက်အရ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC အစိုးရရှေ့နေ အစ္စရေးနိုင်ငံသို့ သွားရောက်မယ်လို့ တရားရုံးက ပြောကြားခဲ့ပါတယ်။
ICC အစိုးရရှေ့နေ ကာရင်ခမ်းဟာ အနောက်ဘက်ကမ်းရှိ ရာမာလာကိုလည်း သွားရောက်မှာဖြစ်ပြီး အဲဒီကပါလက်စတိုင်း အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံသွားဖို့ ရှိနေတယ်လို့ ICC က ပြောပါတယ်။
အဲဒီခရီးစဉ်ဟာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ မဟုတ်ဘဲ”ဒုက္ခသည်တွေ အားလုံးအတွက် စာနာကြောင်း ပြသဖို့ အခွင့်အရေးဖြစ်ပြီး ဆွေးနွေးမှု လုပ်ဆောင်နိုင်ဖို့ဖြစ်တယ်” လို့ ICC က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဟားမတ်စ်တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ အစ္စရေးမိသားစုတွေက သတ်ဖြတ်မှုတွေနဲ့ ပြန်ပေးဆွဲမှုတွေကို စုံစမ်းစစ်ဆေးဖို့ ICC သို့ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။
တရားရုံးက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလို့ ရှုမြင်ထားတဲ့ အစ္စရေးတောင်ပိုင်းရှိ ဟားမတ်စ်တို့ ရဲ့ အောက်တိုဘာ ၇ ရက် လုပ်ရပ်တွေကို အာရုံစိုက်ဖို့ မိသားစုတွေက ခမ်းကို တောင်းဆိုထားခဲ့ပါတယ်။
ဟားမတ်စ် သေနတ်သမားတွေကြောင့် လူပေါင်း ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၄၀ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အစ္စရေးက ဆိုခဲ့ပါတယ်။
အဲဒီနောက် အစ္စရေးက လေကြောင်းနဲ့ရော၊ မြေပြင်ကပါ တန်ပြန်တိုက်ခိုက်ခဲ့ရာ ဂါဇာမှာ လူပေါင်း ၁၅၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောကြားထားပါတယ်။
ဒါ့အပြင် နောက်ထပ် လူပေါင်း ၆၅၀၀ ဟာလည်း ပျောက်ဆုံးနေပြီး အပျက်အစီးတွေအောက်မှာ နစ်မြုပ်နေနိုင်တာကို အများစုက စိုးရိမ်နေကြတာဖြစ်ပါတယ်။
Ref: Reuters