စေတုတ္တရာ – ဒီဇင်ဘာ ၁

မကွေးတိုင်း၊စေတုတ္တရာမြို့နယ်အခြေစိုက် စစ်ကောင်စီကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ကို ကာကွယ်ရေးအဖွဲ့တွေက ရော့ကတ် ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PRA-Magway က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ ညပိုင်းက လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA-Magway နဲ့ Z-Fighter ပျောက်ကြားတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“မိမိတို့အနေနဲ့ မဟာဗျူဟာမြောက် ခြေမှုန်းတိုက်ခိုက်တာဖြစ်ပြီး ရန်သူရဲ့ အရင်းမြစ်များ ထောက်ပို့ ယန္တရားများကို တိုက်ခိုက်ဖြတ်ဆောက်ခြင်းဟာ တစ်နိုင်ငံလုံးရဲ့တော်လှန်ရေးကို အထောက်ကူဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။” လို့ PRA -Magway စစ်ဦးစီးချုပ် ကိုနောင်သူရိန်က သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီ ကပစကို MH-60 R Rocket အလုံး ၂၀ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် စစ်ရုံ အတွင်းနဲ့ စက်ရုံအဆောက်အအုံတွေထဲကျရောက်ပေါက်ကွဲခဲ့ပြီး ဒီနေ့ နေ့လည်ပိုင်းအထိ ယမ်းယိုလှောင်ရုံ မီးလောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ တိုက်ခိုက်ခံရပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုတော့ သံလွင်တိုင်းမ် အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

PRA Magway အနေနဲ့ မကွေးတိုင်း ဧရာဝတီမြစ်အနောက်ခြမ်းဒေသလွတ်မြောက်ရေးအတွက် မဟာမိတ်အင်အားစုတွေနဲ့ တိုက်ပွဲဝင်သွားမှာဖြစ်သလို ဒေသအသီးသီးမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့လည်း ပူးပေါင်းသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PRA-Magway

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.