ကော့ကရိတ်၊ ဒီဇင်ဘာ ၁
ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် လုပ်ဆောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ကော့ကရိတ်မြို့ပေါ်တိုက်ပွဲဟာ ခင်နိမ်းမူ၊သပြေကုန်း၊မြို့တော်ဦး၊ချောင်းတောင်၊မြို့အလယ် နေရာအနှံ့ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း မြို့ခံတွေအပြင် ခရီးသွားကား ရာနဲ့ချီ ပိတ်မိနေတယ်လို့ သိရပါတယ်။
ကနဦးတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖန်ခါးကုန်ရပ်က ဒေသခံအမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦး ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကော့ကရိတ်တိုက်ပွဲကြောင့် အာရှလမ်း သင်္ဃန်းညီနောင်ကနေ ကော့ကရိတ် ၅ တိုင်အထိ ကားလမ်းတွေ ပိတ်ထားသလို မြို့ပေါ်မှာလည်း ဌာနဆိုင်ရာရုံး အဆောက် အဦးတွေ မီးလောင်ပျက်စီးမှုတွေ ဖြစ်ပေါ်နေတာပါ။
ကော့ကရိတ်တိုက်ပွဲမစတင်ခင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU က ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားမှာ ဆက်လက်ပါဝင်နေသူတွေ အမြန်ဆုံးထွက်ခွာကြဖို့ နောက်ဆုံးအကြိမ် သတိပေးထားတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ