နယူးဒေလီ – စက်တင်ဘာ(၂) 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လာမယ့် သီတင်းပတ်အတွင်း ကျင်းပမယ့် G-20 အစည်းအဝေး အတွက် ပန်းအလှဆင်ထားတာတွေကို မျောက်ရိုင်းတွေဝင်ရောက်ဖျက်ဆီးတာက ဟန့်တားဖို့ အတွက် လန်ဂူးအာ မျောက်ရုပ်ပုံတွေကို မြို့အနှံတပ်ဆင်ထားပါတယ်။ 

သက်ရှိတိရိစ္ဆာန်တစ်ကောင်ရဲ့ အရွယ်အစားအတိုင်းထုတ်လုပ်ထားတဲ့ မျောက်ရုပ်ပုံတွေအပြင် Monkey Men မျောက်လူသားအဖွဲ့ကိုလည်း ငှားရမ်းထားတာပါ။

နယူးဒေလီမြို့တော်ကောင်စီဟာ သေးငယ်တဲ့ Rhesus မျောက်ရိုင်းတွေရဲ့ သဘာဝရန်သူတွေ ဖြစ်တဲ့ ရန်လိုဒေါသကြီးသော လန်ဂူးအာ မျောက်တွေရဲ့ အော်သံအတုတွေပြုလုပ်ခြိမ်းခြောက်ဖို့ အတွက် မျောက်လူသား (၃၀) ဦးကိုလည်း ငှားရမ်းထားတာဖြစ်ပါတယ်။ 

Rhesus မျောက်တွေဟာ အိန္ဒိယနိုင်ငံ မြို့တော် ဧရိယာတော်တော်များများမှာ တွေ့ရှိရပြီး သတိပြုချက်မပေးဘဲ လူရှုပ်တဲ့ လမ်းမတွေပေါ် ဖြတ်သန်းသွားလာနေသလို လမ်းသွားလမ်း လာတွေကိုလည်း မကြာခဏတိုက်ခိုက်တာတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

လန်ဂူးအာ မျောက်တွေကို အဲဒီမျောက်ရိုင်းငယ်တွေကို ခြိမ်းခြောက်ဖို့အတွက် အာဏာပိုင်တွေ ကအသုံးပြုလေ့ရှိပြီး အဲဒီနည်းဟာ ကောင်းမွန်တဲ့ နည်းလမ်းဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

“ကျွန်ုပ်တို့ အနေနဲ့ မျောက်တွေကို သူတို့ရဲ့ သဘာဝ အလေ့အထတွေကနေ ဖယ်ရှားလိုက်လို့မ ဖြစ်ဘူး၊ ဒါကြောင့် ဒီမျောက်လေးတွေကို ဟန့်တားနိုင်ဖို့အတွက်တော့ လူဦးရေ ၃၀ ကနေ ၄၀ အထိ ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ကို သင်တန်းပေးထားပါတယ်။ သူတို့တွေကို သံတမန်ကိုယ်စားလှယ် တွေရှိတဲ့ ဟော်တယ်တိုင်းနှင့် မျောက်တွေရှိတယ်လို့ သတင်းပေးပို့တဲ့နေရာတိုင်းမှာတာဝန်ချ သွားမှာပါ” လို့ နယူးဒေလီမြူနီစပယ်ကောင်စီ ဒုတိယဥက္ကဋ္ဌပြောခဲ့ပါတယ်။

အိန္ဒိယအစိုးရဟာ G-20 ဥက္ကဋ္ဌ တာဝန်ကို စတင်ရယူချိန်တည်းက လူဦးရေ သန်း(၃၀) နီးပါးရှိတဲ့ ဒေလီမြို့ပြဧရိယာကို အလှဆင်နိုင်ဖို့ အပြင်းအထန်ဆောင်ရွက်နေတာဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ(၉) ရက်နေ့ကနေ (၁၀) ရက်နေ့အထိ ကျင်းပမယ့် ထိပ်သီးအစည်းအ ဝေးအတွက် မြို့တော်ရဲ့ ဗဟိုချက်မနေရာကို ပိတ်ဆို့ဖို့ ပြင်ဆင်ထားပြီး အဲဒီရက်တွေကို အားလပ်ရက်အဖြစ်ထားကာ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်ထားမှာဖြစ်တယ်လို့ ကြေညာ ထားပါတယ်။

ဒါ့အပြင် အာဏာပိုင်တွေက မျောက်ရိုင်းတွေကို နယ်နိမိတ်ကျော်လွန်မသွားလာစေဖို့ သစ်တော ဧရိယာတွေအတွင်း အစာကျွေးတာတွေကိုလည်း စတင်ဆောင်ရွက်နေတာပါ။ 

“ကျွန်ုပ်တို့က ဒီ လန်ဂူးအာမျောက်ပုံတွေကို လွန်ခဲ့တဲ့ သီတင်းတစ်ပတ်ကျော်ကတည်းက မြို့တော်အတွင်း တပ်ဆင်ထားတာဟာ ကောင်းတဲ့အကျိုးဆက်တွေ တွေ့ရတယ်။ မျောက် အတော်များများက သူတို့ရှိနေကြနေရာတိုင်းကို မသွားတော့ပဲနေတာကို တွေ့ရတယ်” လို့ နယူးဒေလီ ဒုတိယမြို့တော်ဝန်က ပြောပါတယ်။

နိုင်ငံတကာနဲ့ဆိုင်တဲ့ အဓိကပွဲတော်အတွင်း မျောက်ရိုင်းတွေကို ဟန့်တားဖို့ လန်ဂူးအာ မျောက် တွေကို အသုံးပြုတာဟာ ပထမအကြိမ်မဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်အတွင်းက ကျင်းပခဲ့တဲ့ 

Commonwealth Games မှာလည်း လန်ဂူးအာ မျောက်အရှင်တွေကို ငှားရမ်း စောင့်ကြပ်ရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Ref:Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.