ဘားအံ၊ ဇူလိုင် (၃၁)

အစစ်ဆေးကြမ်းတယ်လို့ နာမည်ကြီးနေတဲ့ ကရင်ပြည်နယ် ဘားအံမြို့ သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် အရပ်သားပြည်သူတွေပါ ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၃၁ ရက်နေ့ မနက် ၆ နာရီခွဲဝန်းကျင်က သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ်အနီး ကားတစ်စီး ရောက်ရှိလာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရပ်တန့်စစ်ဆေးစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး စစ်ကောင်စီတပ်၊ရဲနဲ့ အရပ်သား ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး စုံစမ်းသိရှိပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်အတွင်း ကားနဲ့ဆိုင်ကယ် ၅ စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ဆေးမှု ပြုလုပ်တဲ့အဆောင်နဲ့ နားနေဆောင်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က အင်အားအများအပြား ရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်သလို တံတားဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းထားတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေရဲ့ မှတ်ပုံတင်အပြင် လက်ကိုင်ဖုန်းကအစ စစ်ဆေးတဲ့ ဂိတ်တစ်ခုဖြစ်ပြီး မကြာခဏဆိုသလို အရပ်သားပြည်သူတွေ ဖမ်းဆီးခံနေရတာပါ။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.