ကျောက်ကြီး၊ ဇူလိုင်(၃၀)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေ၊ ကျောက်ကြီးမြို့နယ် တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ဇူလိုင် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

KNU ကျောက်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၉) လက်အောက်ခံတပ်ဖွဲ့ဝင်တို့အကြား ခရုန်ကုန်းရွာနဲ့ ရေတွင်းကုန်းကျေးရွာအနီးပတ်ဝန်းကျင်တွေမှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အင်းပရိ၊ ကျောင်းကုန်း၊ ရေတွင်းကုန်း၊ ကန်ကလေး၊ ဝါချဲ၊ ပိန်းဇလုပ်ရွာမနဲ့ ပေါက်ကုန်းအပါအဝင် ကျေးရွာ ၄၁ ရွာက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၄၁ ရွာအနက် ကျေးရွာ ၁၀ ရွာ အိမ်ထောင်စု ၁၆၅၅ စု၊ လူဦးရေ ၈၀၀၀ နီးပါးသာ စာရင်းကောက်နိုင်ပြီး ကျန်ရှိတဲ့ကျေးရွာတွေက အိမ်ထောင်စုနဲ့လူဦးရေစာရင်းကို ပြုစုနေဆဲဖြစ်တယ်လို့ KNU က ဆိုပါတယ်။

ဇူလိုင် ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိထားသလို စစ်ကောင်စီထံကနေ သေနတ် ၇ လက်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိထားတယ်လို့ KNU ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ရေတွင်းကုန်းကျေးရွာမှာ ရှိတဲ့ ဒေသခံအမျိုးသားတစ်ဦးကို ရိုက်နှက်ထိုးကြိတ်ပစ်ထားခဲ့ပြီး KNLA တပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းစဉ် ပြန်လည်တွေ့ရှိပြီးနောက် ဆေးဝါးကုသပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ နံဇကျေးရွာထဲ ဝင်ရောက်စဉ် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.