နေပြည်တော်၊ ဇူလိုင်(၃၀)

လက်ရှိဖြစ်ပေါ်နေတဲ့ ဆန်စပါးဈေးကွက်နဲ့ ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့အတွက် ပို့ကုန်ကုမ္ပဏီတွေရဲ့ စုဆောင်းထားတဲ့ အရန်ဆန်တွေကို ထုတ်ရောင်းပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇူလိုင် ၂၈ ရက်နေ့ မှာ ထုတ်ပြန်ပါတယ်။

အရန်ဆန်တွေကို ဈေးကွက်အတွင်း အမြန်ဆုံးထည့်သွင်းရောင်းချသွားမှာဖြစ်ပြီး ကနဦးအနေနဲ့ ဆန်အရည်အသွေး ၂၅ ရာခိုင်နှုန်းအဆင့်ရှိ ဆန် ၅၀ ကီလိုအိတ် အရေအတွက် ၅၀,၀၀၀ ကို ထုတ်ရောင်းသွားမှာဖြစ်ကာ လိုအပ်ပါက ထပ်မံတိုးမြှင့်ရောင်းချပေးသွားမယ်လို့ ဆိုထားပါတယ်။

အရန်ဆန်တွေ ရောင်းချပေးတာဟာ ဆန်ဈေးနှုန်းတည်ငြိမ် မှန်ကန်စေဖို့အတွက်ဖြစ်သလို စားသုံးသူပြည်သူတွေအတွက် ပစ္စည်းမှန်ဈေးနှုန်းမှန်ဖြစ်စေဖို့ ပုဂ္ဂလိကအခန်းကဏ္ဍကနေ စီစဉ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကတော့ ရောင်းချပေးသွားမယ့် အရန်ဆန်တွေကို ဈေးကွက်ပေါက်ဈေးထက် ဈေးနှုန်းလျော့ချကာ ရောင်းချပေးသွားမှာဖြစ်ပြီး လက်လီရောင်းချသူတွေ၊ ပြည်ပတင်ပို့သူတွေနဲ့ စက်မှုဇုန်ရှိစက်ရုံတွေကို ရောင်းချပေးသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြည်တွင်းဆန်စပါးဈေးကွက် တည်ငြိမ်ဖို့အတွက် ထုတ်ရောင်းခြင်းဖြစ်တယ်။ တနည်းအားဖြင့်ပြောရင်တော့ စားသုံးသူပြည်သူလူထုအတွက်ကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးဖြစ်တဲ့အတွက် ရောင်းမယ့်အချိန်မှာ ဈေးကွက်ပေါက်ဈေးထက် လျော့ရောင်းမယ်နော်။ စဉ်စားထားတာကတော့ လက်လီဆိုင်တွေရောင်းမယ်။ လက်လီဆိုင်တွေဆိုတာက ရပ်ကွက်ထဲမှာရှိတဲ့ ဆန်ဆိုင်လေးတွေပေါ့။ သူတို့ကလည်း ပြည်သူလူထုနဲ့ အနီးဆုံးမှာ ရှိတယ်ပေါ့နော်။ နောက်တစ်ခုကတော့ ခုဏကပြောသလို ဒီပြည်ပတင်ပို့တဲ့သူတွေကို ရောင်းပေးမယ်။ ပြည်ပတင်ပို့တဲ့သူတွေကို ရောင်းပေးလိုက်ရင် ပြည်ပတင်ပို့တဲ့သူတွေက ဈေးကွက်ထဲက မဝယ်တော့ဘူး။ ဈေးကွက်ထဲက မဝယ်တော့ဘူးဆိုရင် ဈေးကွက်ထဲမှာ ဝယ် လိုအားနည်းသွားရင် ဈေးကျမယ်ပေါ့နော်။ နောက်တစ်ခုကတော့ ဒီစက်မှုဇုန်တွေမှာရှိတဲ့ စက်ရုံတွေမှာ ခုဏကအထည်ချုပ်စက်ရုံတို့၊ အလုပ်သမားများများရှိတဲ့ စက်ရုံတွေ၊ အလုပ်သမားမိသားစုတွေပေါ့နော်။ ရောင်းပေးမယ်။ အဲဒီလိုမျိုးတော့ အကြမ်းဖျင်းစဉ်စားထားတယ်ပေါ့နော်”လို့ ဆိုပါတယ်။

ဒါ့အပြင် ဈေးကွက်အတွင်း အရန်ဆန်ရောင်းချပေးသွားမယ့် အစီအစဉ်တွေကိုတော့ လာမယ့်အပတ်အတွင်း စတင်ရောင်းချပေးမှာဖြစ်ပြီး ဈေးနှုန်းအသေးစိတ်အခြေအနေနဲ့ ရောင်းချသွားမယ့်ပုံစံတွေကို ရောင်းချမယ့်ရက်မတိုင်မီ ကြေညာပေးသွားမယ်လို့ သူကဆက်ပြောပါတယ်။

ရောင်းချပေးသွားမယ့် အရန်ဆန်တွေဟာ ပထမအကြိမ်ရောင်းချပေးတာဖြစ်တဲ့အတွက် ရန်ကုန်ဈေး ကွက်ကတဆင့် တစ်နိုင်ငံလုံးကို စတင်ဖြန့်ဝေသွားမှာဖြစ်ပြီး လိုအပ်ချက်အပေါ်မူတည်ကာ ဆက် လက်ရောင်းချနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

ဒေသတွင်းဆန်ဈေးနှုန်းဟာ စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေသွားမယ်လို့ ကြေညာပြီးနောက် ပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် ၈၇၀၀၀ ဝန်းကျင်ကနေ ကျပ်တစ်သိန်းနီးပါးအထိ ဈေးနှုန်းမြင့်တက်လာသလို ဆန်ကြမ်းအုပ်စု ဧည့်မထကလည်း တစ်အိတ်ကို ကျပ် ၇၀၀၀၀ ကျော်အထိ ဈေးနှုန်းခုန်တက်လာတာပါ။

ဆန်လုပ်ငန်းကျွမ်းကျင်သူတွေကတော့ အရန်ဆန်ထုတ်ရောင်းမယ်လို့ ကြေညာမှုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆန်ဈေးနှုန်းအနည်းငယ်သာ ကျဆင်းလာနိုင်ပေမယ့် ထိရောက်တဲ့ပြောင်းလဲမှုတော့ ဖြစ်လာမှာမဟုတ်ဘူးလို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.