ရေး၊ ဇူလိုင်(၂၉)

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေမှာ အခြေစိုက်လှုပ်ရှားတဲ့ တော်လှန်ရေးအင်အားစု အဖွဲ့တစ်ခုဖြစ်တဲ့ ရေးပြောက်ကျားတပ်ဖွဲ့(YGF) ရဲ့ ရှေ့တန်းထောက်ပို့နဲ့ဆက်သွယ်ရေးရုံးစခန်း စီးနင်းခံခဲ့ရတယ်လို့ အဲဒီအဖွဲ့က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။

အဲဒီရှေ့တန်းထောက်ပို့နဲ့ဆက်သွယ်ရေးရုံးစခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀၀၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စခန်းဝင်ရောက်စီးနင်းခံရစဉ် ရေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ပေါင်နဲ့လက်မှာ ထိခိုက်ဒဏ်ရာရရှိပြီးနောက် စခန်းဆုတ်ခွာပေးခဲ့ရတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

စခန်းစီးနင်းခံရတာကြောင့် ရုံးစခန်းအတွင်း လက်နက် ၁၁ လက်၊ ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေတချို့ ဆုံးရှုံးခဲ့ရတယ်လို့ ရေးပြောက်ကျား တပ်ဖွဲ့(YGF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရေးပြောက်ကျားတပ်ဖွဲ့(YGF) တာဝန်ခံ ဗိုလ်ကျန်ရစ်ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးပါဘူး။

ရေးပြောက်ကျားတပ်ဖွဲ့(YGF) ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတာဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-YGF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.