ထားဝယ်၊ ဇူလိုင်(၂၉)

ခေါ်ယူထိန်းသိမ်းခဲ့တဲ့ စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်) ကျောင်းအုပ်ကြီးနဲ့ သားဖြစ်သူအပါအဝင် ဆရာ၊ဆရာ ၇ ဦးကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ (LLPDF)က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ (LLPDF)ဟာ ဇူလိုင် ၂၂ ရက်နေ့က လောင်းလုံးမြို့နယ်၊ တောရှည်ကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်)ကျောင်းကို သွားရောက်ပြီး ကျောင်းအုပ်ကြီးနဲ့ CDM ပြုလုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးပြီးနောက် CDM ပြုလုပ်လိုတဲ့ ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်ခင်၊ သားဖြစ်သူ မောင်အောင်ဟိန်းခန့်၊ ခင်ပွန်းဖြစ်သူ လက်ထောက်ကထိကဦးနိုင်ဝင်းနဲ့ ဒုကျောင်းအုပ်ကြီး ဦးခင်မောင်ထွေး ၊ လက်ထောက်ကထိက ဒေါ်သန္တာအေး၊ ကွင်းဆင်းလက်ထောက် ဦးနေဆန်း၊ နော်ဖြူဖြူသန့်တို့ကို လုံခြုံတဲ့နေရာပို့ပေးဖို့ ခေါ်ဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီချိန်မှာစစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် လုံခြုံတဲ့နေရာပို့ပေးဖို့ အချိန်နောက်ကျခဲ့ရတဲ့အတွက် လွတ်မြောက်နယ်မြေတစ်ခုကို ပို့ဆောင်ပေးထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လောင်းလုံး PDF ကတော့ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမဖွင့်ဖို့ သတိပေးထားပေမယ့် စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်)ကျောင်းက ဖွင့်လှစ်သင်ကြားနေလို့ ဝင်ရောက်စီး နင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (LLPDF) တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းနေပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးပါဘူး။

စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်) ကျောင်းအုပ်ကြီးနဲ့အဖွဲ့ ခေါ်ယူထိန်းသိမ်းခံရတဲ့အပေါ် စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်း ဒါဇင်ချီက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ထားသလို စစ်ကောင်စီကလည်း အခုဖြစ်စဉ်ကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဦးသိန်းဦးဟာ စစ်ကောင်စီ၊ ပျူစောထီးတွေနဲ့အတူ လမ်းမတွေအပေါ် ခရီးသွားပြည်သူတွေကို စစ်ဆေးတာ၊ ဆက်ကြေးတောင်းခံမှုတွေမှာ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ LLPDF က နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.