ညောင်လေးပင်၊ မတ်(၁)

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၅၃၀,၀၀၀ ကျော်အထိ ထပ်တိုးလာတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN က ထုတ်ပြန်ပါတယ်။

KPSN ထုတ်ပြန်ချက်အရ ဒီအရေအတွက်ဟာ စစ်တပ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဖေဖော်ဝါရီ လကုန်အထိ ထွက်ပြေးတိမ်းရှောင်နေသူတွေ ဖြစ်ပြီး KNU ညောင်လေးပင်ခရိုင်တစ်ခုထဲမှာပဲ စစ်ဘေးရှောင်ပြည်သူ ၁၄၀,၀၀၀ ကျော်အထိ ရှိလာတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်နဲ့ KNLA KNDO ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်စွာ ဆက်လက်ဖြစ်ပွားနေတာ၊ စစ်ကောင်စီတပ်က ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ အရေအတွက် ထပ်တိုးလာတာ ဖြစ်တယ်လို့ PSN ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ် သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ဘေးရှောင်ဦးရေကတော့ လေးလအတွင်းမှာ သိသိသာသာပဲ။ အထူးသဖြင့်ညောင်လေးပင်မှာ သိ သိသာ သာတိုးလာတယ်။ ပြီးခဲ့တဲ့အခေါက်က ညောင်လေးပင်မှာ လူဦးရေကျွန်တော်တို့တွက်တာ သောင်းဂဏန်းပဲရှိတာ။ အခုဆိုရင် တစ်သိန်းလေးသောင်းကျော်။ အဲဒီလိုအနေအထားမျိုးပေါ့။ အဲဒါ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက ရွာထဲကိုဝင်တဲ့အခါမှာ တွေ့သမျှလူတွေကိုပြဿနာလိုက်ရှာတဲ့ ကိစ္စ၊ ဖမ်းပြီးတော့မှ နှိပ်စက်ခြိမ်းခြောက်တာတွေရှိတယ်။ စစ်ကောင်စီအသံကြားတာနဲ့ အားလုံးကထွက်ပြေးတဲ့အနေအထားရှိတယ်။ နောက်တစ်ခုက သူတို့လေယာဉ်နဲ့လာပြီးတော့မှ ဗုံးကြဲတာ၊ ရွာထဲကိုလက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တာတွေရှိတယ်။ ဒါကြောင့်ထွက်ပြေးရတာများလာတယ်။ ဒရုန်းနဲ့တိုက်ခိုက်တာတွေရှိတယ်။ ဆိုတော့ နည်း လမ်းမျိုးစုံနဲ့ ဒေသခံတွေကိုခြိမ်းခြောက်တဲ့အတွက်ကြောင့် လက်ရှိအနေအထားမှာ ညောင်လေးပင်ခရိုင်မှာ အများဆုံးဖြစ်လာတဲ့ အကြောင်းရင်းတစ်ခုလို့ ကျွန်တော်တို့ မြင်ပါတယ်” လို့ဆိုပါတယ်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်တွေရဲ့ လိုအပ်ချက်တွေကို ဒေသခံလူမှုအဖွဲ့အစည်းတွေ၊ KNU ခေါင်းဆောင်တွေနဲ့ တခြားအရပ်ဘက်အဖွဲ့အစည်း ပူး ပေါင်းလုပ်ဆောင်ကူညီတာတွေ လုပ်ဆောင်ပေးနေပေမယ့် လိုအပ်ချက်တွေများစွာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

စောလေးကပေါ်ကတော့ စစ်ရှောင်ပြည်သူအရေအတွက် ထပ်တိုးလာတာကြောင့် အစားအသောက်၊ ဆေးဝါးနဲ့ လုံလုံခြုံခြုံနေနိုင်ဖို့အတွက် အကူအညီအထောက်အပံ့တွေတော့ အများကြီးလိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

“လုံလောက်မှုလုံးဝမရှိနေတဲ့ အနေအထားမျိုးမှာ အဆင်ပြေသလိုမျိုး နေထိုင်၊ စားသောက်နေရတဲ့ဟာမျိုးတွေ ရှိတယ်။ ဒုက္ခလည်းအရမ်းရောက်နေတယ်ပေါ့နော်။ ဒီအပေါ်မှာကတော့ အစားအသောက်ရယ်၊ နေဖို့အတွက် လုံလုံခြုံခြုံနေနိုင်ဖို့အတွက် ကူညီထောက်ပံ့မှုတွေအများကြီး လိုအပ်လျှက်ရှိတယ်” လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအတွက် နယ်စပ်ဒေသတွေကနေတစ်ဆင့် လူသားချင်းစာနာမှုအကူအညီတွေကို ဗျူဟာပြောင်းလဲပြီး ပိုမိုထောက်ပံ့ပေးဖို့၊ ပြည်တွင်း CSO နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ERO ကနေတစ်ဆင့် တိုက်ရိုက်ပေးဖို့၊ ထိုင်းအစိုးရအနေနဲ့ စစ်ဘေးရှောင်လာတဲ့ ဒုက္ခသည်တွေကို နေရပ်ကို အတင်းအဓမ္မပြန်မဖို့ခိုင်းဖို့၊ ယာယီနေထိုင်နိုင်တဲ့စခန်းတွေ ဖွင့်ပေးဖို့ KSPN က တောင်းဆိုတာပါ။

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ တရားဝင်မှုကို လုံးဝငြင်းပယ်ပြီး စစ်ကောင်စီကို ဖိအားပေးမှုတွေ ဆက်လုပ်သွားဖို့ လိုအပ်သလို စစ်အုပ်စုအပေါ် နိုင်ငံရေး ဘဏ္ဍာရေး ပံ့ပိုးမှုအားလုံးကို ရပ်ဆိုင်းထားပြီး စစ်တပ်ပိုင်တဲ့ကုမ္ပဏီအားလုံးကို ပိတ်ဆို့အရေးယူနိုင်ဖို့၊ လက်နက်နဲ့ လေယာဉ်ဆီဝယ်ယူမှုကိုလည်း ပိတ်ဆို့ဖို့၊ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီတွေကို ပေးဖို့ စတဲ့ အချက်တွေကို KPSN က မေတ္တာရပ်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.