ကော့သောင်း၊ မတ်(၁)

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်မုန်တိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက် ၁၁ နာရီလောက်က ဝိုင်ဒင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကော့သောင်းခရိုင်တပ်ရင်း(၁)နဲ့KTLA ပူးပေါင်းတပ် သွားရောက် တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု နာရီနီးပါးအကြာ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က PDF ရဲဘော် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ခံ ဗိုလ်မုန်တိုင်းက ဆိုပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီဟာ ဝိုင်ဒင်းကျေးရွာအနီးပတ်ဝန်းကျင် ကျေးရွာတွေကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းအထိ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာပါ။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က PDF တွေ စိုးမိုးထားတဲ့ ဝိုင်ဒင်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဟာ ဝိုင်ဒင်းကျေးရွာထဲမှာ ဆက်လက် တပ်စွဲထားတာ ဖြစ်ပါတယ်။

ဝိုင်ဒင်းကျေးရွာတိုက်ပွဲကြောင့် ဝိုင်ဒင်း၊ ပါကလပ်နဲ့အောင်သာယာအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၁၀၀၀ နီးပါးဟာ ထိုင်းဘက်ခြမ်းနဲ့တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.