ရန်ကုန် – အောက်တိုဘာ(၃၁)

ရန်ကုန်တိုင်း အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာပို့ခွင့်နဲ့ ထောင်တွင်းအထူးတရားရုံးကို ဒီနေ့ အောက်တိုဘာလ(၃၁) ရက်နေ့ မနက်ပိုင်းက စပြီးပြန်ဖွင့်လိုက်တယ်လို့ အင်စိန်ထောင်ရဲ့ အမည် မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၉) ရက်နေ့က အင်းစိန်ထောင်ရဲ့ ထောင်ဝင်စာပါဆယ်ပို့တဲ့ နေရာမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူရှစ်ဦးသေဆုံးပြီးနောက်ပိုင်း အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့တာပါ။

ထောင်ဝင်စာပို့ခွင့်နဲ့ ထောင်တွင်းတရားရုံးတွေကို (၁၂) ရက်လောက်ပိတ်ထားခဲ့တဲ့အတွက် ထောင်တွင်း ကျန်းမာရေးမကောင်းသူတွေနဲ့ အကျဉ်းသားတွေအခက်အခဲဖြစ်ခဲ့ရတယ်လို့ ထောင်ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

“ဒီနေ့တော့ ပြန်ဖွင့်ပြီး အကုန်လုံးက စစ်တပ်လက်ထဲမှာဘဲ ကျွန်တော်တို့က ဘာမှလုပ်ခွင့်မရှိဘူး သူတို့က ဖွင့်ဆိုဖွင့်ရတယ် ပိတ်ဆိုပိတ်ရတယ် အကုန်လုံးသူတို့လာချယ်လှယ်နေတာပါဗျာ” လို့ အင်စိန်ထောင်ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မတ်လတည်းက ကိုဗစ်ကြောင့် ထောင်ဝင်စာတွေ့ခွင့်ကို အကျဉ်းဦးစီးဌာနက ပိတ်ထားခဲ့တာဖြစ်ပြီး အစားအသောက်ပို့ခွင့်တွေကိုတော့ (၁)လနှစ်ခါခွင့်ပြုထားတာဖြစ် တယ်လို့ သိရပါတယ်။

ထောင်ဝင်စာ ပို့ခွင့်တွေကို တခြားထောင်တွေမှာလဲ ပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်ပြီလို့ သံလွင်တိုင်းမ် ရဲ့ သတင်းရင်းမြစ်တွေက ဆိုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Google

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.