မော်လမြိုင် – အောက်တိုဘာ(၃၁)

တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ Itaewon မှာ ဟောလိုးဝင်းပွဲပြုလုပ်နေချိန် လူအုပ်ပိတာကြောင့် လူအများအပြားသေဆုံးခဲ့ရတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဝမ်းနည်းကြောင်းသဝဏ်လွှာထဲမှာ ဆိုးလ်မြို့တော် Itaewon မှာ Halloween ပွဲတော်ကျင်းပနေချိန် လူအုပ်ပိတာကြောင့် လူပေါင်း (၁၅၀) ကျော်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ များစွာဝမ်းနည်းရတယ်လို့ ဆိုထား တာပါ။

“ဖြစ်ရပ်နဲ့ပက်သက်လို့ စိတ်မကောင်းဖြစ်ဖွယ် သတင်းဆိုးအတွက် သ၀ဏ်လွှာ ‌ကို လွှတ်တော် ဥက္ကဋ္ဌက ပေးပို့တာပါ” လို့ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင် ကသံလွင်တိုင်းမ် ကိုပြောပါတယ်။

မြန်မာပြည်သူတွေရဲ့ ကိုယ်စားသေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေ၊မိတ်ဆွေတွေအတွက် ဝမ်းနည်း ရသလို ထိခိုက်ခဲ့ရသူတွေအမြန်ဆုံးပြန်လည်သက်သာလာစေဖို့ ဆုတောင်းပေးခဲ့ပြီး အခုလို ခက်ခဲ နေတဲ့ကာလမှာ တောင်ကိုရီးယားနိုင်ငံအစိုးရ၊ လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူ တွေနဲ့အတူ ရပ်တည်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးမှုကဏ္ဍတွေအတွက် အကူအညီများစွာပေးခဲ့တဲ့ မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိဒီမိုကရေစီပြန်လည်ရရှိရေး ကြိုးပမ်းမှုမှာလည်း တောင်ကိုရီးယားအစိုးရ၊လွှတ်တော်နဲ့ ပြည်သူတွေက ခိုင်ခိုင်မာမာ ထောက်ခံအားပေး ကူညီပံ့ပိုး နေတာဖြစ်တယ်လို့ CRPH က ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.