ရန်ကုန်၊ အောက်တိုဘာ (၃၀)

ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် အခုနှစ်မကုန်ခင် ပြုလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

မျက်နှာစုံညီ နိုင်ငံရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေနဲ့ NCA မထိုးထားတဲ့ EAOs တွေ အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်းတစ်ခုဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီနိုင်ငံရေးဆွေးနွေးကို PPST က စီစဉ်လို့ ပူးပေါင်းပါဝင်တာ မဟုတ်ဘဲ အားလုံး သဘောတူလက်ခံပြီး ဦးဆောင် ကျင်းပတဲ့ အခင်းအကျင်းဖြစ်အောင် ကြိုးပမ်းနေတယ်လို့ PPST ပြောခွင့်ရ ဗိုလ် မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

“ဒီတွေ့ဆုံပွဲက PPST က စီစဉ်ဆောင်ရွက်လို့ ပူးပေါင်းပါဝင်ရတာ မဟုတ်ဘဲနဲ့ အားလုံးပါဝင်ပြီးတော့ အားလုံးပိုင်ဆိုင်တဲ့ အခင်းအကျင်းဖြစ်အောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးရဲ့ Joint Ownership ဖြစ်အောင် နေရာထိုင်ခင်း၊အရပ်ဒေသ၊အချိန်အခါ စသဖြင့် အစီအစဉ်အကြောင်း အရာ တွေကအစ အကုန်လုံးက ကျွန်တော်တို့ အားလုံး တန်းတူညီတူ ညှိနှိုင်းဆွေးနွေးမှုနဲ့ လုပ်သွားဖို့ စီစဉ်ထားတဲ့အပေါ်မှာ ဘယ်နေရာတော့ ဖြစ်နိုင်မယ်၊ဘယ်အချိန်လောက် ဖြစ်နိုင်မယ်ဆိုတာက ကျွန် တော်တို့ ညှိနှိုင်းဆွေးနွေးမှုကနေ အာလုံးလက်ခံသဘောတူနိုင်တဲ့ အခင်းအကျင်းအရပဲ ဆက်သွားဖို့ ရှိပါတယ်”လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တစ်ဖွဲ့ချင်းစီနဲ့ ဆက်စပ်ပတ်သက်ရာ လုပ်ဆောင်နိုင်စွမ်းအပေါ်မှာ လည်းကောင်း ပုဂ္ဂိုလ်ရေးအရ အလွတ် သဘော ချဉ်းကပ်ညှိနှိုင်းဆောင်ရွက်တဲ့အပေါ်မှာ လည်းကောင်း ကြိုးပမ်းမှုတွေ ရှိနေတယ်လို့ ဗိုလ်မှူး ကြီး စောကျော်ညွန့်က ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခင်းအကျင်း တစ်ခု ပေါ် ပေါက်ဖို့ လိုအပ်မှုကို သဘောတူ လက်ခံပေမယ့် ဒီအခင်းအကျင်းဟာ PPST ဦးဆောင်မှုနဲ့ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး(၁) ခူဒယ်နီယာက ပြောပါတယ်။

“တိုင်းရင်းသားတွေရဲ့ ဆုံရပ်တစ်ခုကတော့ ပေါ်လာဖို့လိုတယ်။ အခုလည်း လုပ်နေကြတာပဲ။ သို့သော် အဖွဲ့စည်းတိုင်းက ပါဝင်မှုမရှိသေးဘူး။ ဥပမာ PPST လုပ်မှ ပါဝင်မယ်ဆိုတာလည်း မဟုတ်သေးဘူး။ PPST ဦးဆောင်တဲ့ နိုင်ငံရေပလက်ဆောင်း ဖြစ်လာဖို့ဆိုတာ အဲဒီလိုမျိုး မဟုတ်ပဲနဲ့ တိုင်းရင်းသားတွေအားလုံး ပလက်ဖောင်း အသစ်တစ်ခု အနေနဲ့ ဖြစ်လာဖို့အတွက် ကျွန်တော်တို့ မျှော်လင့်တယ်။ နိုင်ငံ ရေးဆွေးနွေး ပွဲကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် တိုင်းရင်း သားတွေ ကြားထဲမှာ ရှိကိုရှိရမယ်ဆိုတာ ကျွန် တော်တို့နားလည် ပြီးသားပါ။” လို့ ပြောပါတယ်။

PPST ကတော့ မြန်မာ့နိုင်ငံရေးရဲ့ လက်တွေ့လိုအပ်ချက်တွေနဲ့အညီ လက်ရှိနိုင်ငံရေးအကျပ်အတည်းတွေ ဖြေရှင်းနိုင်ရေး၊ အရပ်သားတွေကို အကာအကွယ်ပေးနိုင်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ရရှိနိုင်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ထုတ်ပြန်ထားတာပါ။

ဒါပေမယ့် PPST အဖွဲ့ထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့က ပါဝင်မှု လျော့ချထားပါတယ်။

တဖက်မှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA စာချုပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ နဲ့ မထိုးထားတဲ့ တိုင်းရင်းသားလက် နက်ကိုင် ၃ဖွဲ့တို့က နှစ်ကြိမ်တိုင် တက်ရောက်ဆွေးနွေးထားပြီး ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ NCA ထိုးထားတဲ့ အဖွဲ့တစ်ချို့နဲ့ မထိုးရသေးတဲ့ တိုင်းရင်းသားလက် နက် ကိုင် အဖွဲ့အစည်းတွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ နဲ့ နိုင်ငံတဝန်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.