သရက်ချောင်းမြို့နယ်က ကျေးရွာအချို့မှာ စစ်ကောင်စီတပ် တောနင်းရှာဖွေနေသရက်ချောင်း၊ အောက်တိုဘာ (၃၀)တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်က ကျေးရွာအချို့မှာ အောက်တိုဘာ ၂၉ ရက်နေ့ မနက် အစောပိုင်းကတည်းက စပြီး စစ်ကောင်စီတပ်က တောနင်းရှာဖွေနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ် အင်အား ၇၀ လောက်ဟာ ကြာအင်းကျေးရွာနဲ့ ကျောက်လှေကားကျေးရွာတွေက ရော်ဘာခြံတွေနဲ့ တောတောင်တွေထဲကို ဝင်ရောက်လာပြီးနောက် တောနင်းရှာဖွေတာတွေ ဆက်တိုက်ဆောင်လုပ်နေပါတယ်။
တောနင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ခြံလုပ်သားတွေကို ခေါ်ယူမေးမြန်းတာတွေ လုပ် ဆောင်နေသလို ဖမ်းဆီးတာတော့ မရှိဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ် ဝင်ရောက်လာတဲ့အတွက် ရာဘာခြံနဲ့အခြားဥယျာဉ်ခြံတွေထဲမှာ လုပ်ငန်းခွင်ဝင်နေတဲ့ ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်လာတာကြောင့် လုပ်ငန်းခွင်အလုပ်တွေ ရပ်နားပြီး နေအိမ်တွေကနေ အခြေအနေ စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကတော့ အခုလို ဝင်ရောက်လာတာဟာ စစ်ပြေးရှာဖို့ လာတာ ဖြစ်ကြောင်း အကြောင်း ပြထားပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း အောက်သရက်ချောင်းဘက်ကို ဝင်လာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ဟာ အနီးပတ်ဝန်ကျင်းကျေးရွာတချို့မှာ ဝင်ရောက် တပ်စွဲထားတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲအကြိမ် ၄၀၀ ထက်မနည်း ဖြစ်ပွားထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်