ရန်ကုန်၊ အောက်တိုဘာ (၃၀)

ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လုပ်ခလစာဝင်ငွေတွေ လွှဲပြောင်းတဲ့ ပမာဏနှုန်းထားအပေါ် နိုင်ငံတော်ကနေ ပံ့ပိုးငွေအနေနဲ့ ၃၀ ကျပ်ကို အပိုဆောင်းငွေအဖြစ် ထောက်ပံ့ပေးမယ်လို့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြည်ပကနေ ပြည်တွင်းကို လွှဲပို့လာတဲ့ လစာဝင်ငွေတွေကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရဘဏ်တွေကနေ လွှဲပို့ပေးရာမှာဖြစ်ပြီး ပံ့ပိုးငွေတွေကို ငွေထုတ်ယူတဲ့နေ့မှာ ချက်ခြင်းထည့်သွင်းပေးသွားမယ်လို့ ဗဟိုဘဏ်က ဆိုထားပါတယ်။

ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတော်အတွက် နိုင်ငံခြားငွေတွေကို တစ်ဖက်တစ်လမ်းကနေ ရှာဖွေပေးနေတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို နိုင်ငံတော်က ချီးမြှောက်တဲ့အနေနဲ့ အပိုဆောင်းငွေကို လာမယ့် နိုဝင်ဘာ ၁ ရက်နေ့ကစပြီး အကျိုးသက်ရောက်မှု ရှိရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါ တယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ ဗဟိုဘဏ်ရဲ့ ကြေညာချက်မှာ ငွေလဲနှုန်းထား ဘယ်လောက်ဆိုတာ မဖော်ပြထားတဲ့အတွက် တရားဝင်ငွေလဲနှုန်း အမေရိကန်တစ်ဒေါ်လာ ၂၁၀၀ ကျပ်အပေါ် ၃၀ ကျပ် ပိုပေးရင် လွှဲမယ့်သူ ရှိမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“ဘဏ်က ဈေးကွက်ပေါက်ဈေးအတိုင်း နီးနီးစပ်စပ်ပေးတဲ့ Rate (ငွေလဲနှုန်း) အပေါ်မှာ ၃၀ ထပ်ပေးတာဆိုရင်တော့ ပြန်လွှဲတဲ့ဟာ များကောင်းများနိုင်မယ်။ဒါပေမယ့် တစ်ချို့ကျတော့ နဂိုကတည်းက တရားမဝင်လမ်းကြောင်းကနေ လွှဲတယ်၊ အခုမှ တရားဝင်လမ်းကြောင်းကနေ လွှဲလို့ရှိရင် တစ်ခုခု လုပ်မလားဆိုတဲ့ စိုးရိမ်စိတ် ရှိရင်လည်း လွှဲမှာတော့ မဟုတ်ဘူး။ ဒီ ၂၁၀၀ အပေါ်မှာ ၃၀ ပေးမယ်ဆိုရင် ဘယ်သူမှ မလွှဲဘူး။ဒီကြေညာချက်က အလကားပဲ။ဘာမှ ထိရောက်မှာ မဟုတ်ဘူး။ဘဏ်တွေက ဈေးကွက်ပေါက်ဈေးနဲ့ နီးနီးစပ်စပ်အပေါ်မှာ ၃၀ ကျပ်ပေးတာက တစ်မျိုး။ဒီ ၂၁၀၀ အပေါ်ဆိုရင်တော့ ဘယ်သူလွှဲမှာလဲ။အပြင်နဲ့ တအားကွာနေတာကိုး”လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဗဟိုဘဏ်ကနေ အပိုဆောင်းပေးမယ့် ၃၀ ကျပ်ဟာ ဘတ်ဂျက်ထဲကနေ ခွဲဝေပေးထားတာမပါတဲ့အတွက် ဘယ်ဘတ်ဂျက်ကဏ္ဍကနေ ထုတ်သုံးဖို့ရှိမလဲဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေဖြစ်တယ်လို့ စီးပွားရေးပညာရှင်က ထောက်ပြပါတယ်။

လက်ရှိ ပြင်ပပေါက်ဈေးတွေမှာ အမေရိကန်တစ်ဒေါ်လာ ၂၈၅၀ ကျပ်ကနေ ၃၀၀၀ ကျပ်အထိ ဈေးရှိပေမယ့် ဗဟိုဘဏ်ရဲ့ တရားဝင်ငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာကို ၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း သင်္ဘောသားတွေရဲ့ နိုင်ငံခြားလစာငွေကို တတ်နိုင်တဲ့ အမြင့်ဆုံးနှုန်းထားနဲ့ ဝယ်ယူပေးဖို့ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို ညွှန်ကြားထားပြီးနောက်ပိုင်းမှာတော့ တစ်ဒေါ်လာကို ၃၀၀၀ ကျပ်ဝန်းကျင်အထိ ဝယ်ယူပေးခဲ့တာပါ။

စစ်ကောင်စီရဲ့ ပြည်တွင်းအခွန်ဦးစီးဌာနကလည်း နိုင်ငံခြားကနေ ပြည်တွင်းကို တရားဝင်လွှဲပြောင်းတဲ့ ငွေတွေကို မော်တော်ယာဉ်ဝယ်ယူတာ၊ အခြေခံပစ္စည်းဝယ်ယူတာ၊ တည်ဆောက်တာနဲ့ ရင်းနှီးမြုပ်နှံတဲ့နေရာတွေမှာ အခွန်ကင်းလွတ်ခွင့်ပြုမယ်လို့ မက်လုံးပေးထားတာပါ။

ဗဟိုဘဏ်အနေနဲ့ ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ လုပ်ခဝင်ငွေတွေကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားနေတဲ့ (AD) လိုင်စင်ရ ဘဏ်တွေကနေ တရားဝင် ပြန်လွှဲပြီး စိတ်ကြိုက်သုံးစွဲနိုင်တယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.