ဆိုးလ်၊ အောက်တိုဘာ (၃၀)

တောင်ကိုရီးယား ဆိုးလ်မြို့တော် အီထယ်ဝန်း အပန်းဖြေခရိုင်မှာ ယနေ့ည အောက်တိုဘာ (၃၀)ရက်နေ့ က ကျင်းပခဲ့တဲ့ ဟောလိုးဝင်းပါတီပွဲ ကျင်းပနေစဉ် အတွင်းမှာ လမ်းကျဉ်းတစ်ခုထဲ လူအုပ်ကြီးရဲ့ တွန်းထိုးမိမှု ကြောင့် လူငါးဆယ်လောက် နှလုံးခုန်ရပ်ပြီး အများ အပြားသေဆုံးမှာကို စိုးရိမ်ပူပန်နေရတယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေကပြောပါတယ်။

National Fire Agency မှ တာဝန်ရှိသူ Choi Cheon-sik က အီထယ်ဝန်းမှာ စနေနေ့ညက လူစုလူဝေးက တဆင့် လူ ၁၀၀ လောက် ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူ၅၀ခန့်က နှလုံးခုန်ရပ်ကာ ကုသမှုတွေပေးနေရတယ်လို့ ပြောပါတယ်။

ဆိုးလ်မြို့ရဲ့ အဓိက ပါတီနေရာဖြစ်တဲ့ Hamilton Hotel အနီးရှိ ကျဉ်းမြောင်းတဲ့ လမ်းကြားမှာ လူအုပ်ကြီး တိုးဝှေ့တွန်းထိုးခံရပြီး အရိုက်ခံရမှုတွေလည်းရှိနိုင်တယ်လို့ ယုံကြည်ရကြောင်း Choi က ဆက် လက်ပြောကြား ပါတယ်။

ဆိုးလ်မြို့ရှိ ချက်ချင်းလာရောက်တာဝန်ထမ်းဆောင်နိုင်တဲ့ ဝန်ထမ်းတွေအပြင် နိုင်ငံတစ်ဝှမ်းက အရေးပေါ် ဝန်ထမ်း ၄၀၀ကျော်ကို အခင်းဖြစ်ရာ နေရာကို စေလွှတ်ခဲ့ပြီး ဒဏ်ရာရသူတွေကို ကယ်တင်နေတာပါ။လက်ရှိအချိန်အထိတော့ သေဆုံးသူအရေအတွက်ကို မထုတ်ပြန်နိုင်သေးဘူးလို့လည်း သိရပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ်ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတွေထဲမှာတော့ ကယ်ဆယ်ရေးဝန်ထမ်းတွေက လမ်းပေါ်မှာပဲ လဲကျ နေတဲ့ လူတွေကို အရေးပေါ် CPR ပြုလုပ်ကယ်တင်နေတာကို တွေ့ရပါတယ်။

အီထယ်ဝန်ရဲ့ လမ်းမပေါ်မှာ လူဒါဇင်ပေါင်းများစွာကို CPR ပေးထားကြောင်းကို ရဲတပ်ဖွဲ့ကလည်း အတည်ပြု ခဲ့ပြီး တခြားလူပေါင်းများစွာကိုတော့ အနီးအနားမှာရှိတဲ့ ဆေးရုံတွေကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့ကပြောကြားခဲ့တာပါ။

ဒေသအတွင်းမီဒီယာတွေရဲ့ အစောပိုင်းဖော်ပြချက်တွေအရ ကျော်ကြားသူတစ်ယောက် လာရောက်လည် ပတ်တာကို ကြားသိရပြီးတဲ့နောက် ဒီလိုလူပေါင်းများစွာက အီထယ်ဝန်း ဘားကို အပြေးအလွှားရောက်ရှိလာ တာဖြစ်ပြီး ဒီလိုဖြစ်ရပ်နဲ့ ကြုံခဲ့ရတာလို့ သိရပါတယ်။

တောင်ကိုရီးယားသမ္မတ က ဒဏ်ရာရရှိသူတွေကို အမြန်ကုသမှုပေးဖို့နဲ့ ပွဲတော်ကျင်းပရာနေရာတွေရဲ့ လုံခြုံရေးကို ပြန်လည်သုံးသပ်ဖို့ တာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။

ဒဏ်ရာရသူတွေကို ကုသဖို့အတွက် အနီးနားရှိ ဆေးရုံတွေမှာ ကုတင်တွေကို အဆင်ပြေစေအောင် ဆောင်ရွက်ဖို့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကိုလည်း သဘာဝဘေးအန္တရာယ် ဆေးဘက်ဆိုင်ရာအကူအညီ ပေးရေးအဖွဲ့တွေကို အမြန်ချထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Ref,AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.