ကျိုက်ဒုံ၊ အောက်တိုဘာ ၂၉

KIO/KIA နယ်မြေ အနန့်ပါဖြစ်စဉ်နဲ့တကွ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ တရားမဲ့လုပ်ရပ်တွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ကျိုက်ဒုံမြို့က စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းကို KNLA နဲ့ ဒေါန စစ် ကြောင်း ပူးပေါင်းအဖွဲ့က မနေ့ညပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အများ သိမ်း ဆည်းရခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

မနေ့ အောက်တိုဘာ(၂၈)ရက်နေ့ ည (၉)နာရီခွဲလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တပ်ရင်း(၁၈)နဲ့ ဒေါနစစ်ကြောင်း တပ်ခွဲ(၁)ပူးပေါင်းတပ်ဖွဲ့တို့က ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာမြင့်ချိန်ဟာ (၁၀)မိနစ်ဝန်းကျင် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲဖြစ်စဉ်အတွင်း ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးဒဏ်ရာရရှိမှုကိုတော့ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ကာ ရှေ့ထွက်မိုင်း၊ လက်ပစ်ဗုံး၊ ဗုံးသီး၊ ဆက်သွယ်ရေးစက်၊ စိန်ပြောင်းနဲ့ လက်နက်ကြီးလက်နက်ငယ်တွေစတဲ့ ပစ္စည်းတွေကို သိမ်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

KNU ဒူးပလာယာခရိုင်ကတော့ စစ်ကောင်စီ နယ်မြေရဲစခန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ ကျိုက်ဒုံဗျူဟာတပ်က လက်နက်ကြီးတွေနဲ့ ကျိုက်ဒုံမြို့ထဲကို ရမ်းသမ်းပစ်ခတ်နေတာကြောင့် မြို့ခံ နေအိမ် တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အခုတိုက်ခိုက်မှုဟာ KIO/KIA နယ်မြေ အနန့်ပါမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ နိုင်ငံတဝန်း စစ်ကောင်စီရဲ့တရားမဲ့လုပ်ရပ်တွေအပေါ် တုန့်ပြန်တိုက်ခိုက်မှုတစ်ရပ်ဖြစ်တယ်လို့ ဒေါနစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.