ရန်ကုန်၊ အောက်တိုဘာ (၉)
လာမယ့် ၂၀၂၃ ခုနှစ်မှာ အာဏာသိမ်း စစ်ကောင်စီကို ခံစစ်ကနေ ထိုးစစ်ဆင်ပြောင်းလဲပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ အပါအဝင် ဘက်ပေါင်းစုံကနေ စစ်မျက်နှာ ၆ ခုဖွင့်ပြီး တော်လှန်ရေး အဆုံးသတ်သွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ ညက “ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့ အစီရင်ခံတင်ပြခြင်း” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တာပါ။
တော်လှန်ရေး အောင်မြင်ဖို့အတွက် လာမယ့်နှစ်မှာ နိုင်ငံတဝန်း စစ်မျက်နှာ ၆ ခု ဖွင့်ပြီး အပြင်းအထန် ထိုးစစ်ဆင်မယ့် စီမံချက် ချမှတ်ထားကြောင်းနဲ့ ဒီကာလအတွင်း ကြုံတွေ့ရမယ့် အခက်အခဲတွေကို အတူရင်ဆိုင်ကျော်လွှားသွားကြမယ်လို့ သူက ဆိုပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူ တစ်ဦး ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ လာမယ့်နှစ်မှာ တော်လှန်ရေး အဆုံးသတ်နိုင်ဖို့ဆိုရင် တော်လှန်ရေးအင်အားတွေနဲ့ ပိုမို ချိတ်ဆက်ဆောင်ရွက်ဖို့ လိုအပ်သလို လက်နက်ခဲယမ်းတွေလည်း ထောက်ပံ့ဖို့ တိုက်တွန်းတာပါ။
“ကျွန်တော်တို့ ကရင်နီပြည်နယ်မျိုးဆိုရင်လည်း တော်လှန်ရေး အင်အားစုတွေက များတယ်ပေါ့နော်။ ဒီလိုအဖွဲ့အစည်းတွေနဲ့ အချိတ်အဆက်မိမိ ကောင်းကောင်းလေး သွားနိုင်ရင်တော့ ပိုကောင်းတယ်။ စစ်တပ် တွေနဲ့ တော်တော်လေး ထိစပ်နေတဲ့ ဒေသတွေ၊ နေရာတွေမှာ ဆိုလို့ရှိရင်လည်း NUG အနေနဲ့ သူတို့ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုလည်း ကောင်းကောင်းလေး Support ပေးပြီးမှ တစ်ဖက်မှာရှိတဲ့ အင်အားစုတွေနဲ့ လည်း စုစည်းပြီးမှ သွားဖို့လိုသလို လမ်းညွှန်မှုကောင်းပေးဖို့လည်း လိုမယ်လို့ ထင်ပါတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူ တစ်ဦးပြောပါတယ်။
လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဟာ နိုင်ငံရဲ့ ဧရိယာ(၅၀) ရာခိုင်နှုန်းကျော်ကို နယ်မြေစိုးမိုးထားနိုင်ပြီး ဖြစ်သလို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ကျေးရွာနယ်မြေတွေနဲ့ လမ်းမကြီးတွေကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
မြို့သိမ်းတိုက်ပွဲတွေအတွက်လည်း NUG အနေနဲ့ ပြင်ဆင်တာတွေ ရှိနေပြီးဖြစ်သလို ပြည်သူတွေ ထိခိုက်မှု အနည်းဆုံးဖြစ်စေမယ့် အစီအစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ တာဝန်ရှိသူတစ်ဦးကလည်း တော်လှန်ရေး အဆုံးသတ်ဖို့ အဆင့်သင့် ဖြစ်ပြီးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်ထင်တာကလေ ကျွန်တော်တို့ ပြည်နယ်က နောက်ထပ်တစ်နှစ်ထပ်တိုက်လည်း ပြဿနာမရှိဘူး။ သုံးနှစ်တိုက်လည်း ပြဿနာမရှိဘူးလို့ ကျွန်တော်မြင်တယ်။ အဆင်သင့်ဖြစ်မှုကတော့ ဘာမှမရှိရာ ကနေ လူထုကနေစတယ်။ အခုနောက်ပိုင်းကတော့ လူထုတွေရဲ့ ထောက်ပို့မှုတွေ ဖြစ်စေ၊ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မားမားမတ်မတ် ရှေ့ထွက်ပြီးတော့တောင် တိုက်ကူတယ်၊ ကျန်အစုအဖွဲ့တွေကလည်း သူတို့နိုင်တဲ့အပေါ်မှာ သူတို့ပါဝင်တာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ကတော့ ရယ်ဒီဖြစ်တာ ကြာပါပြီ” လို့ဆိုပါတယ်။
တဖက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ စစ်မြေပြင်တွေမှာ အသုံးပြုဖို့ လေယာဉ်ပစ် လက်နက်တွေ တပ်ဆင်ထားသလို ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားနိုင်နေပြီလို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
စစ်ကောင်စီဟာ လာမယ် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေတာတွေ ရှိနေပေမယ့် နယ်မြေစိုးမိုးမှုမရှိတဲ့အတွက် ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်သလို သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား ပျက်စီးနေပြီလို့ NUG က ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

