မော်လမြိုင်၊ အောက်တိုဘာ (၁)
ဒေါ်လာနဲ့ ဘတ်ငွေ ဈေးနှုန်းတွေဟာ စက်တင်ဘာလ နောက်ဆုံးအပတ်စကပြီး တဖြည်းဖြည်း ပြန်လည် ကျဆင်းလာ ပေမယ့် အခြေခံစားသောက်ကုန်အပါအဝင် ကုန်ပစ္စည်း ဈေးနှုန်းတွေကတော့ ထင်သလောက် ကျဆင်းလာခြင်း မရှိသေးဘူးလို့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေါ်လာနဲ့ ဘတ်ငွေ ဈေးနှုန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် တဖြည်းဖြည်း ပြန်လည် မြင့်တက်လာရာကနေ ဩဂုတ်လ နောက်ဆုံးအပတ်မှာတော့ တစ်ဒေါ်လာကို ကျပ်(၄၅၀၀)ဝန်းကျင်နဲ့ ထိုင်းတစ်ဘတ်ကို ကျပ်(၁၀၀) ဝန်းကျင်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်ခဲ့တာပါ။
လက်ရှိ စက်တင်ဘာလ နောက်ဆုံးပတ်မှာတော့ ဒေါ်လာ ဈေးနှုန်းဟာ တစ်ဒေါ်လာကို ကျပ်(၂၈၀၀) ဝန်းကျင်ထိ ပြန်လည် ကျဆင်းခဲ့သလို ထိုင်းဘတ် ဈေးနှုန်းကလည်း တစ်ဘတ်ကို ကျပ်(၇၀) ဝန်းကျင်ထိ ပြန်လည်း ကျဆင်းလာတာ ဖြစ်ပါတယ်။
အခုလို ဒေါ်လာနဲ့ ဘတ်ငွေဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းနေပေမယ့် အခြေခံစားသောက်ကုန် ဖြစ်တဲ့ ဆန်ဈေးနှုန်းဟာ ပေါ်ဆန်းမွှေး တစ်အိတ်ကို ကျပ်(၆၆၀၀၀)ကျော်၊ စားသုံးဆီ တစ်ပိဿာကို ကျပ်(၁၀၀၀၀) ဝန်းကျင်၊ ကြက်ဥတစ်လုံးကို ကျပ်(၂၅၀)ကျော်နဲ့ တခြား အခြေခံစားသောက်ကုန်တွေကလည်း အရင် တက်ခဲ့တဲ့ ဈေးအမြင့်အတိုင်းပဲ ဆက်ရှိနေတာပါ။
အခြေခံ စားသောက်ကုန် ဈေးနှုန်း မကျသေးဘဲ အရင်တက်ခဲ့တဲ့ ဈေးနှုန်းအတိုင်း ရှိနေတာကြောင့် အခြေခံလူတန်းစားပြည်သူတွေမှာ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။
“အခု ဟာတော့လေ ရွှေဈေးတို့ ဒေါ်လာဈေးတို့ တခြား ဈေးတွေ အကုန်လုံးက အရင်တုန်းက ထက်စာလို့ရှိရင် တော်တော်လေး ကျသွားတယ်ပေါ့နော်၊ ဒါပေမယ့် အခုဟာက အမတို့ အမြဲတမ်း စားသောက်နေရတဲ့ စားသောက်ကုန်တွေပေါ့နော် အဲ့တာတွေ အကုန်လုံးက ဈေးကလေ မကျတဲ့ အပြင် တချို့ဟာတွေ ပိုလို့တောင် တက်နေတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်လေ၊ အဲ့တာက တက်တုန်းက ကျတော့လေ ဒေါ်လာဈေးတွေ ရွှေဈေးတွေ တက်လို့ဆိုလည်း ပြီးလည်းပြီးရော အကုန်လုံးက လိုက်တက် ကြတာပေါ့နော်၊ အခုဆိုလို ရှိရင် ဒေါ်လာဈေး ကျနေပြီး၊ အကျဈေး အတိုင်း သွားရတော့မှာပေါ့နော်၊ ဥပမာ အခုဆိုရင် ငရုတ်သီးတို့ ဆီတို့ အဲ့လောက်ကြီးလေ နို့ဆီဆို ပိုလို့တောင် တက်သွားသေးတယ်၊ ဆီတို့ဘာတို့ကလည်း အရမ်း ပြောပ လောက်အောင် မကျ သေးဘူးပေါ့နော်၊ သူတို့က ကျမယ်ဆိုလို့ရှိရင် အရှိန်ကို ဘယ်လောက်တောင် ယူမလည်းတော့ မသိဘူး၊ ဒါပေမယ့် ဒီကြားထဲမှာတော့ တကယ့် အမြဲ နေ့စဉ် စားသုံးနေရတဲ့ သာမန်လူတန်းစား အခြေခံ လူတန်းစား တွေကတော့ ထိတာပေါ့လေနော်”လို့ ဆိုပါတယ်။
ဒ့ါအပြင် ဒေါ်လာနဲ့ ဘတ်ငွေဈေးနှုန်းတွေ ကျဆင်းနေပေမယ့် ဈေးတွေ အပါအဝင် ကုန်တိုက်တွေမှာလည်း အခြေခံ စားသောက်ကုန်ပစ္စည်းတွေကို အရင်တက်ခဲ့တဲ့ ဈေးနှုန်း အတိုင်း ရောင်းချနေတာတွေ ရှိနေတယ်လို့ အိမ်ရှင်မတွေက ဆိုကြပါတယ်။
ဒေါ်လာနဲ့ဘတ်ဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းနေပေမယ့် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ ကျဆင်းခြင်း မရှိတာဟာ အရင် တက်ဈေးနဲ့ ဝယ်ထားရတာ ဖြစ်တာကြောင့် ဖြစ်သလို လမ်းခရီး ကြန့်ကြာပြီး ပစ္စည်း လိုသလောက် မရှိတာကြောင့် ဖြစ်တယ်လို့ ကုန်သည် တစ်ဦးက ပြောပါတယ်။
“ငွေဈေးက ဒီနေ့မှ နည်းနည်း ပြောင်းလဲတာ၊ ကျန်တဲ့ နေ့တွေက သိပ်မကျပါဘူး၊ အခုတော့ နည်းနည်း လိုက်ပြီးတော့ လက်ရှိတော့ ပစ္စည်းက နည်းနည်း သွားရေးလာရေး မိုးတွင်း ဖြစ်တာက တစ်ကြောင်း ကျွန်တော်တို့ ခုဏက ပြောတဲ့ တောလမ်း အခြေအနေက တစ်ကြောင်း ဒါကြောင့်ပါ၊ ပစ္စည်းက ရောက်ပြီးရင် အရင်လို (၂)ရက် တစ်ခေါက် (၃)ရက် တစ်ခေါက် မဟုတ်တော့ဘူး၊ အခုက (၄) (၅) (၆)ရက် ကြာမှ တစ်ခေါက် ရောက်တယ်၊ ဘာဖြစ်လို့ဆို ပစ္စည်းက လိုသလောက် မရှိဘူး၊ နောက်ဟိုဘက်က ငွေဈေး အရမ်းမာတော့ လက်ရှိ ဝယ်ထားတဲ့ သူတွေကလည်း အရင်ငွေဈေး အမာတွေနဲ့ ရထားတော့ ဒီအချိန်မှာ ဈေးလျော့ပြီး ရောင်းရင် အဆင်မပြေဘူးလေ၊ မပြေတော့ နည်းနည်း တင်းထားတာပေါ့၊ ပစ္စည်း မရှိလို့ပါ၊ ကားသွားရေး လာရေးကြောင့် ပစ္စည်း ထိန်းသိမ်းထားတဲ့ ပုံစံမျိုးပါ၊ အရင်လို တစ်ရက် တစ်ခေါက် သော်လည်ကောင်း (၂)ရက် တစ်ခေါက် သော်လည်ကောင်း ရောက်ရင်တော့ ကျမှာပေါ့”လို့ ဆိုပါတယ်။
အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ ကျဆင်းခြင်း မရှိတာကြောင့် ပြည်သူတွေ အနေနဲ့ မဖြစ်မနေ လိုအပ်တဲ့ အခြေခံ စားသောက်ကုန်တွေကိုသာ ဝယ်ယူနိုင်တော့ သလို တစ်နေ့လုပ် တစ်နေ့စား အခြေခံ လူတန်းစား အနေနဲ့ ထမင်း တစ်နပ် လျော့စား ရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
မွန်ပြည်နယ်မှာတော့ အခြေခံ စားသောက်ကုန်ဖြစ်တဲ့ စားသုံးဆီ၊ ခေါက်ဆွဲခြောက် အပါအဝင် စားသောက်ကုန် အမျိုးမျိုးကို ထိုင်းနိုင်ငံကနေ အဓိက တင်သွင်း နေရတာ ဖြစ်ပြီး မီးဖိုချောင်းသုံး ကုန်ပစ္စည်းတွေ ဖြစ်တဲ့ ကြက်သွန်၊ အာလူး အပါအဝင် ငရုတ်သီးတို့က အထက်အညာဒေသတွေကနေ အဓိက တင်သွင်းရောင်းချနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်