တနင်္သာရီ၊ အောက်တိုဘာ(၁)
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ ဘန်လောကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ ၂ ရက်အတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဘန်လောကျေးရွာအနီးကို စစ်ကောင်စီတပ်က တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ မြိတ်ခရိုင်တပ်ရင်း(၂)၊ ဘက်မလိုက် ပြောက်ကျားအဖွဲ့အပါအဝင် SWDF ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ၂ ရက်ကြာဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်းမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဘန်လောကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အဲဒီနှစ်ဖက် တိုက်ပွဲကြောင့် ဘန်လော၊ ဗောဓိကမ်းကျေးရွာနဲ့အနီးအနားကျေးရွာ ၅ ရွာက ဒေသခံ ၄၀၀ ကျော်ဟာ နီးစပ်ဆွေမျိုးနေအိမ်တွေနဲ့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်မတ်ကျေးရွာမှာ ဆက်ကြေးလာကောက်တဲ့ စစ်ကောင်စီနဲ့ ပျူးစောထီအဖွဲ့ဝင်တွေ ခြုံခိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တနင်္သာရီတိုင်းဒေသကြီးထဲမှာတော့ အခုနောက်ပိုင်းကာလတွေမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။
သတင်း – သံလွင်တိုင်းမ်